လာလည်သူအားလုံး မင်္ဂလာပါ လာလည်သူအားလုံး မင်္ဂလာပါ လာလည်သူအားလုံး မင်္ဂလာပါ

Thursday, May 22, 2008

ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းထားမှု သက်တမ်းထပ်တိုးလျှင် တရားမ၀င်ဟု သူမရှေ့နေ ပြောကြား


မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း
စုကြည်ရဲ့ ရှေ့နေတဦးက စနေနေ့ကျော်သွားလျှင် နေအိမ်မှာအကျယ်ချုပ်ချထားဖို့ တရားဥပဒေ
အခြေခံမရှိဘူးလို့ ဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ ဥပဒေများအရ လူတဦးတယောက်
အား တရားမစွဲ၊ ရုံးမတင်ဘဲ ၅ နှစ်ပဲ ထိန်းသိမ်း
ထားခွင့်ပြုထားလို့ အမေရိကန်အခြေစိုက် ရှေ့နေ ဂျာရတ်ကင်ဆာက ထောက်ပြလိုက်တာဖြစ်ပါ
တယ်။

ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်
ချထားမှု နောက်ဆုံးတနှစ် သက်တမ်းတိုးခဲ့တာ
စနေနေ့ည သန်းခေါင်အချိန်မှာ သက်တမ်းစေ့မှာ ဖြစ်ပါတယ်။
23-05-2008

အပြည့်အစုံသို့...

Tuesday, May 20, 2008

News after Nargis cyclone

အပြည့်အစုံသို့...

အမေ့ကိုလွမ်းလို့

အပြည့်အစုံသို့...

'This is a critical moment'

အပြည့်အစုံသို့...

Saturday, May 17, 2008

နာဂစ်မုန်တိုင်းဒဏ်ခံ ပြည်သူတို့အတွက် အောင့်မေ့၊ ဆုတောင်း အမျှဝေပွဲကျင်းပ

သီရိလင်္ကာ၊ ကိုလံဘိုမြို့- ၁၇၊ ၀၅၊ ၂၀၀၈ စနေနေ့
သီရိလင်္ကာနိုင်ငံရောက် မြန်မာကျောင်းသား သံဃာတော်များဦးစီး၍ မြန်မာနိုင်ငံ နာဂစ်မုန်တိုင်းဒဏ်ခံ ပြည်သူတို့အတွက် ရည်စူးပြီး အောင့်မေ့၊ ဆုတောင်း အမျှဝေပွဲကို ယနေ့ ညနေ (၄) နာရီအချိန်တွင် သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့ရှိ “ကလျာဏီ ဘုရား” ရင်ပြင်ပေါ်တွင် ကျင်းပခဲ့သည်။
ထိုပွဲသို့ မြန်မာကျောင်းသား သံဃာတော်များအပြင် သတင်းထောက်များ၊ ဒါယကာ ဒါယိကာမများလည်း စိတ်ပါဝင်စားစွာ တက်ရောက်ကြောင်း သိရသည်။


ဝမ်းမြောက်ဖွယ်ရာ သတင်းလွှာ

သီရိလင်္ကာနိုင်ငံတွင် ပညာသင်ကြားနေကြသည့် သံဃာတော်များက မြန်မာနိုင်ငံ မုန်တိုင်းဒဏ်ခံပြည် သူများအတွက် ကျပ်ငွေ ၄၀၂၀၃၉၂/ိ (သိန်းပေါင်း လေးဆယ်၊ နှစ်သောင်း၊ သုံးရာ ကိုးဆယ့် နှစ်ကျပ် တိတိ) ကို မုန်တိုင်းဒဏ်ခံပြည်သူများထံသို့ တိုက်ရိုက် လှူဒါန်းခဲ့ကြောင်း ကြားသိရသည်။






အပြည့်အစုံသို့...

Tuesday, May 13, 2008

အမေရိကန် နဲ့ UN စစ်သားတွေကို မြေပြင်ပေါ်မှာတွေ့ခဲ့လို့ရှိရင်

14-05-2008
အမေရိကန် နဲ့ UN စစ်သားတွေကို မြေပြင်ပေါ်မှာတွေ့ခဲ့လို့ရှိရင်
ရဟတ်ယာဉ်ဖြင့်ဆင်းလာခြင်းတွေ့လျင်သော်လည်းကောင်း














သင်္ဘော ပေါ်မှဆင်းလာခြင်းတွေ့လျင်သော်လည်းကောင်း

စစ်သုံးယာဉ်များ သံချပ်ကာကား (Tank) ဖြင့်တွေ့လျင်သော်လည်းကောင်း


မလိုအပ်ဘဲ အနားကပ်ပြီး ကြည့်ရှုစပ်စုခြင်း၊
နှုတ်ဆက်ရန်ကြိုးစားခြင်း (သို့မဟုတ်) စကားမေးမြန်းပြောဆိုခြင်း၊
လူစုလူဝေးနှင့် ဝိုင်းရံခြင်းဖြင့် ၄င်းတို့၏လုံခြုံရေးအတွက်စိုးရိမ်မှုကိုတိုးမြင့်စေခြင်း၊
၎င်းတို့သွားရာလမ်းမများအားပိတ်ဆို့ ဝိုင်းရံပြီးရပ်ကြည့်ခြင်း၊
သံသယဖြစ်စရာ လျှပ်တပြက်လှုပ်ရှားမှုများ ပြုလုပ်ခြင်း ( ဥပမာ - ကျယ်လောင်စွာအော်ဟစ်အားပေးရင်း ပန်းကုံးများဖြင့်ပေါက်ခြင်း ) ၊

အစရှိတဲ့ အပြုအမူတွေကိုလုံးဝမလုပ်ကြဖို့ US စစ်တပ်က မျိုးချစ်မြန်မာရဲ့ မိတ်ဆွေတစ်ဦးက တင်းကြပ်စွာသတိပေးထားပါတယ်

အဓိကသူတို့မှာချင်တာကတော့ တတ်နိုင်သမျှဝေးဝေးမှာနေကြပါ အနားလုံးဝမကပ်ပါနဲ့ အရမ်းအန္တရာယ်ကြီးပါတယ်
လိုအပ်ရင်သူတို့ကအရင်ချဉ်းကပ်လာပါ့မယ် ပြည်သူတွေရှေ့အရမ်းစွတ်မတိုးကြပါနဲ့ ဆိုတာပါဘဲ

ဒီစာနဲ့ပုံတွေကိုလဲပြည်တွင်းမှာလက်လှန်းမှီသလောက်အမြန်ဆုံးပို့ပေးပြောပေးကြပါလို့မေတ္တာရပ်ခံပါတယ်
မြန်မာပြည်သူတွေအသက်အန္တရာယ်ကင်းကြပါစေ

အပြည့်အစုံသို့...

မြန်မာပြည်သူပြည်သားများသို့အရေးပေါ်သတိပေးတားမြစ်ချက်

14-05-2008
လေးစားချစ်ခင်ရပါသောမြန်မာနိုင်ငံသားအပေါင်းတို့ခင်ဗျား

ပြည်သူအများသိပြီးကြတဲ့အတိုင်းစစ်အစိုးရဟာ မုန်တိုင်းဘေးသင့်သူတွေကယ်ဆယ်ရေးကို ညံ့ဖျင်းမှားယွင်းစွာကိုင်တွယ်နေပါတယ်
ဒါကိုပြည်ပနိုင်ငံတွေကသိလို့ကူညီမယ်ဆိုတော့လဲ ဝင်ခွင့်ချက်ချင်းမပေးခဲ့တဲ့အတွက် ခုဆိုရင်သေဆုံးသူအရေအတွက်ဟာ သိန်းကျော်ခဲ့ပါပြီ
မုန်တိုင်းပြီးခဲ့ပေမယ့်လဲ ရေ နဲ့ စားနပ်ရိက္ခာပြတ်လတ်မှု၊ ဆေးဝါးမပြည့်စုံမှု၊ ရေညစ်ညမ်းမှုတွေကြောင့် ပြည်သူအများအပြားဆက်လက်သေဆုံးနေကြရှာပါတယ် ဒီအတိုင်းရှေ့ဆက်မယ်ဆိုရင်နောက်ထပ်သေဆုံးသူများဦးရေဟာ ၆သိန်းနီးပါးရှိနှိုင်တယ်လို့ နိုင်ငံတကာမှလေ့လာသူများ၊ ဆေးပညာရှင်များကခန့်မှန်းထားပါတယ်

အခုဆိုရင် ဝမ်းရောဝါနဲ့ အခြားကူးစက်ရောဂါများဟာမုန်တိုင်းဒါဏ်ခံခဲ့ရတဲ့နေရာတွေတိုင်းမှာ ကြောက်မက်ဖွယ်ပျံ့နှံ့နေပါပြီ
ဒါကိုလဲမှန်မှန်ကန်ကန်ဝန်ခံခြင်းမရှိခဲ့တဲ့အပြင် UN နှင့် USA တို့မှ လတ်တလောပေးပို့ခဲ့တဲ့လေဘေးကူညီမှုလှုဒါန်းထားတဲ့ပစ္စည်းတွေကိုပါစစ်ဂိုဒေါင်တွေထဲထည့်သွင်းသိမ်းဆည်းထားခဲ့ပါတယ်
ပြီးတော့ဒီပစ္စည်းတွေကို သူတို့ကိုယ်ကျိုးအတွက်အလွဲသုံးစား အသုံးပြုနေပါတယ်
သူတို့မိသားစုများတွေဆီဘဲပေးပို့ ခြင်း၊ ငွေဖြင့်ပြန်လည်ရောင်းချစီးပွားရှာခြင်းများပြုလုပ်နေပါတယ်
ဒါကို အခု USA နဲ့ UN ကသက်သေအတိအကျရထားပြီးပါပြီ
ဒီတော့ UN ရဲ့ မူလပဋိဥာဉ်စာချုပ်ထဲကအချက်တစ်ချက်ဖြစ်တဲ့ အရေးပေါ်ဝင်ရောက်ကယ်ဆယ်ခွင့်ကို အသုံးပြုတော့မှာဖြစ်ပါတယ်

ဒီတော့မကြာခင်ရက်ပိုင်းအတွင်းမှာ မြန်မာပြည်တွင်းကို USA နဲ့ UN စစ်တပ်က ကိုယ်တိုင်ဝင်ကူညီတော့မယ်လို့သိရပါတယ်
ဒီလိုဝင်လာမယ့်စစ်သားတွေမှာလဲ အသင့်အနေအထားနဲ့အထူးသတိထားပြီးဝင်ရောက်ရမှာဖြစ်ပါတယ်
သူတို့ဘဝမှာ တစ်သက်မမေ့အောင်သွေးပျက်ခဲ့ရတဲ့ Vietnam စစ်တွင်းအတွေ့အကြုံတွေကြောင့် ဒီတစ်ခါအဲဒိလိုလုံးဝအဖြစ်ခံမှာ မဟုတ်ပါဘူး၊ သူတို့ကို ပြောက်ကျားစနစ်နဲ့အတိုက်မခံရအောင် သတိကြီးစွာထားပြီးလှုပ်ရှားမှာဖြစ်တယ် လို့သိရပါတယ်
နောက်ပြီးသူတို့ကို တိုက်ခိုက်လာနှိုင်တဲ့သူတွေထဲမှာ အရပ်ဝတ်စွမ်းအားရှင်တွေ အရပ်ဝတ်ထားတဲ့စစ်သားတွေလဲပါမယ်လို့သိထားပါတယ်
ဒါကလဲ ပြည်သူတွေနဲ့နိုင်ငံတကာရဲ့အမြင်မှာ မြန်မာတွေကိုအမေရိကန်တွေသတ်နေပါပြီလို့ထင်ရအောင် ကြိုတင်အကွက်ဆင်ခြင်းဘဲဖြစ်ပါတယ်
အပြစ်မဲ့ပြည်သူတွေကိုလုံးဝမထိစေဖို့လဲ အမေရိကန်စစ်သားများကို အထက်မှတင်းကြပ်စွာသတိပေးထားပါတယ် ဒါပေမယ့်သူတို့အသက်အန္တရာယ်ကိုထိခိုက်လာနှိုင်တယ်ဆိုရင်တော့ စစ်ရေးအရလိုအပ်သလိုတုံ့ပြန်သွားမှာဖြစ်တယ်လို့လဲသိရပါတယ်

ဒါကြောင့် ကျွန်တော် အခု မြန်မာတွေကို UN နဲ့ USA ကသတိပေးချင်တဲ့အရမ်းအရေးကြီးတဲ့အချက်တွေကိုပြောပြပါမယ်
ပြည်တွင်းကိုလက်လှန်းမှီသလောက်ပို့ပေးကြပါ

အပြည့်အစုံသို့...

Daw Aung San Su Kyi


အပြည့်အစုံသို့...

ဒုက္ခပင်လယ်

အပြည့်အစုံသို့...

အင်္ဂလန်နှင့် အမေရိကန်နိုင်ငံသို့ "လူသားချင်းစာနာသည့် ကြားဝင်ဆောင်ရွက်မှု" တောင်းဆို

13-05-2008

စင်္ကာပူ။ ။ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့များ မြန်မာပြည်အတွင်း ဝင်ရောက်ရေးနှင့် ပတ်သက်ပြီး ကုလသမဂ္ဂနှင့် အပြည်ပြည်ဆိုင်ရာ လူ့အဖွဲ့အစည်းများသို့ တောင်းဆိုထားသော လက်မှတ်များကို မြန်မာ့အရေး တက်ကြွသူများမှ စင်္ကာပူနိုင်ငံရှိ နိုင်ငံခြား သံရုံးများသို့ ယမန်နေ့မှ စတင်ပေးပို့လျှက် ရှိသည်။

အင်္ဂလန်နိုင်ငံ ဝန်ကြီးချုပ် Mr. Gordon Brown ထံသို့ ပေးပို့သော စာကို အင်္ဂလန်နိုင်ငံဆိုင်ရာ သံအမတ်ကြီး Mr. Paul Damian Madden မှ လက်ခံရယူ၍ အမေရိကန် သမ္မတ Mr. George W. Bush ထံသို့ ပေးပို့သော စာကို အမေရိကန်သံရုံးမှ ပထမအတွင်းဝန် Ike Reed (Economic/Political Counselor) တို့က လက်ခံရယူသည်။

လူသားချင်း စာနာသည့် ကြားဝင် ဆောင်ရွက်မှုအတွက် တောင်းဆိုသော စာနှင့်အတူ စင်္ကာပူနိုင်ငံရှိ မြန်မာများ ၂၀၀၀ ခန့်၏ လက်မှတ်များကို သက်ဆိုင်ရာ သံအမတ်ကြီးများသို့ လွှဲအပ်ပေးခဲ့သည်။

စာတွင် အဓိကအားဖြင့် - စစ်အစိုးရ၏ တာဝန် ပျက်ကွက်မှု၊ စစ်အစိုးရ၏ အများပြည်သူ အသက်အိုးအိမ် လုံခြုံမှုအပေါ် လူသားမဆန်စွာ လစ်လျူရှုမှုတို့အား အလေးပေး ဖေါ်ပြထားသည်ဟု သိရသည်။

ဒုက္ခသည် ရာပေါင်း ထောင်ပေါင်း များစွာအား ကယ်ဆယ်ရေး လုပ်ငန်းများ နှောင့်နှေး ကြန့်ကြာနေခြင်း များသည် သည်းမခံနိုင်လောက်အောင် ဖြစ်ရခြင်းကိုလည်း ဖော်ပြထားသည်။

"နိုင်ငံတော်၏ အချုပ်အခြာ အာဏာသည် ပြည်သူလူထုထံမှ ဆင်းသက်သည် ဆိုသည့်အတိုင်း ကျွန်ုပ်တို့ မြန်မာပြည်သူများ၏ လုပ်ပိုင်ခွင့် အတိုင်းအတာအရ အောက်ပါ လက်မှတ် ထိုးထားသော မြန်မာပြည်သူများ အနေဖြင့် အပြည်ပြည်ဆိုင်ရာ လူမှု အထောက်အကူပြု လုပ်သားများနှင့် ကယ်ဆယ်ရေး အဖွဲ့များကို စစ်အစိုးရထံမှ ခွင့်ပြုချက် ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ မြန်မာပြည်အတွင်းသို့ အမြန်ဆုံး ဝင်ရောက်ကြပါရန် တောင်းဆိုအပ်ပါသည်" ဟု ဖေါ်ပြထားသည်။

မြန်မာ့အရေး လှုပ်ရှားသူများ၏ စာကို လက်ခံပြီးနောက် အမေရိကန်နှင့် ဗြိတိသျှ သံအမတ်ကြီးတို့က အမေရိကန် သမတ အိမ်ဖြူတော်နှင့် အင်္ဂလန်ရှိ ၀န်ကြီးချုပ်ရုံးသို့ အမြန်ဆုံး ပေးပို့သွားမည်ဟု ပြောဆိုသည်ဟု သိရသည်။

မြန်မာ့အရေး တက်ကြွသူများသည် လာမည့်ရက်များတွင်လည်း စင်္ကာပူနိုင်ငံရှိ သက်ဆိုင်ရာ နိုင်ငံခြား သံရုံးများသို့ အလားတူ တိုက်တွန်းသော စာကို ဆက်လက် ပေးပို့သွားမည်ဟု သတင်းရရှိသည်။

မဇ္ဈိမသတင်းဌာန

အပြည့်အစုံသို့...

မစ်ရှီဂန်နွေဦး

ဒီနွေဦးမှာ
ဂျူးလိယက်ဖူးချစ်ကို သတိရသလို
ယာမာဂူချီကိုလည်း သတိရတယ်။

ဒီနွေဦးမှာ
ပါဘလိုနီရူဒါကိုသတိရသလို
ဒဂုန်တာရာကိုလည်း သတိရတယ်။

ဒီနွေဦးမှာ
ရွှေလီက မြန်မာတန်းကို သတိရသလို
ရန်ကုန်က တရုတ်တန်းကိုလည်း သတိရတယ်။

ဒီနွေဦးမှာ
ကျော်သူနဲ့ ရွှေဇီးကွက်ကို သတိရသလို
အင်ဂျလီနာဂျီုလီကိုလည်း သတိရတယ်။

ဒီနွေဦးမှာ
ချာလီချက်ပလင်ကို သတိရသလို
ဇာဂနာကိုလည်း သတိရတယ်။

ဒီနွေဦးမှာ
ဘော့ဘ်ဒိုင်လန်ကို သတိရသလို
ခင်ဝမ်းနဲ့ ထူးအိမ်သင်ကိုလည်းသတိရတယ်။

ဒီနွေဦးမှာ
မော်ရဲ့ချန်ချင်းကို သတိရသလို
ကိုဗဟိန်းရဲ့ မခင်ကြီးကိုလည်း သတိရတယ်။

ဒီနွေဦးမှာ
အော့ဇဝစ်ကို သတိရသလို
စောဝေကိုလည်း သတိရတယ်။

ဒီနွေဦးမှာ
သီးလေးသီးနဲ့ ဆေးရောင်စုံကို သတိရသလို
အဖြူရောင်သက်တံကိုလည်း သတိရတယ်။

ဒီနွေဦးမှာ
နန္ဒာလှိုင်ကို သတိရသလို
စုစုနွေးကိုလည်း သတိရတယ်။

ဒီနွေဦးမှာ
မန်ချက်စတာယူနိုက်တက်ကို သတိရသလို
စိုးမြတ်မင်းတို့ ဘဏ္ဍာအခွန်ကိုလည်း သတိရတယ်။

ဒီနွေဦးမှာ
ဗန်ဂိုးရဲ့ဆိုက်ပရပ်စ်လမ်းကို သတိရသလို
တောင်ကြီးမြို့ က ချစ်သူလမ်းကြားကိုလည်း သတိရတယ်။

ဒီနွေဦးမှာ
ငုယင်ဗန်ထရွိုင်းကို သတိရသလို
ဗိုလ်ကြီးအုန်းကျော်မြင့်ကိုလည်း သတိရတယ်။

ဒီနွေဦးမှာ
မစ္စစ္စပီကို သတိရသလို
ဧရာဝတီကိုလည်း သတိရတယ်။

ဒီနွေဦးမှာ
ခရစ္စတီးနားရဲ့ ကမ္ဘာကို သတိရသလို
မြောက်ဒဂုံကအိမ်ကလေးကိုလည်း သတိရတယ်။

ဒီနွေဦးမှာ
ဆရာတင်မိုးကို သတိရသလို
မန္တလေးကိုလည်း သတိရတယ်။

ဒီနွေဦးမှာ
ပဒိုမန်းရှာလားဖန်းကို သတိရသလို
ကြွက်နီကိုလည်း သတိရတယ်။

ဒီနွေဦးမှာ
အင်တာနေရှင်နယ်သီချင်းကို သတိရသလို
နတ်ရှင်နောင်သီချင်းကိုလည်း သတိရတယ်။

ဒီနွေဦးမှာ
ဂက်တီးစဘတ်မိန့် ခွန်းကို သတိရသလို
ယင်အန်းမိန့် ခွန်းကိုလည်း သတိရတယ်။

ဒီနွေဦးမှာ
ဝက်သစ်ချပင်နဲ့ ဖဲကြိုးဝါကို သတိရသလို
ပိတောက်ပန်းကိုလည်း သတိရတယ်။

ဒီနွေဦးမှာ
စွန့် လွှတ်မှုကို သိရသလို
စွန့် စားမှုကိုလည်း သတိရတယ်။

ဒီနွေဦးမှာ
ငါသတိအရဆုံးကတော့
ဒေါ်အောင်ဆန်းစုကြည်နဲ့ 
မေလတော်လှန်ရေးပါပဲ။ ။


အပြည့်အစုံသို့...

ထိုင်းနိုင်ငံ U-Tapao လေတပ်စခန်း၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေ

လွှင့်တင်ချိန်။ ။ မေလ ၁၂ ရက် ၂၀၀၈ ခုနှစ် ၉း၄၅ - မြန်မာစံတော်ချိန်

U-Tapao။ ။ မြန်မာနိုင်ငံကို ကယ်ဆယ်ရေးပစ္စည်းများ ပေးပို့မည့် အမေရိကန်လေယာဉ် မထွက်ခွာမီ ထိုင်းနိုင်ငံ U-Tapao လေတပ်စခန်း၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေသည်။ ခြင်ထောင်၊ စောင်၊ ရေ အစရှိသည့် ထောက်ပံ့ရေး ပစ္စည်းများ အပါအဝင် အလေးချိန် ပေါင် ၂၀၀၀၀ ခန့် ရှိသည့် ကယ်ဆယ်ရေး ပစ္စည်းများကို မကြာမီ အချိန်အတွင်း မြန်မာနိုင်ငံသို့ တင်ပို့မည် ဖြစ်သည်။

ထောက်ပံ့ရေးပစ္စည်း ပို့ဆောင်မည့် အမေရိကန် C-130 စစ်လေယာဉ်သည် ကမ္ဘာ့အဆိုးရွားဆုံး မုန်တိုင်းဒါဏ် ခံနေရသည့် မြန်မာနိုင်ငံသို့ ပထမဆုံး ဆင်းသက်မည့် အမေရိကန် စစ်လေယာဉ်ဖြစ်ပြီး မြန်မာအာဏာပိုင်များ အနေဖြင့် ထောက်ပံ့ရေးပစ္စည်းများကို လက်ခံသွားမည်ဟု ယုံကြည်ကြောင်း ဒု-ဗိုလ်မှူးကြီး ဒေါက်ကလပ် ပေါလ်ဝဲ က သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသွားသည်။

ထောက်ပံ့ရေးပစ္စည်းများသည် USAID မှဖြစ်ပြီး မုန်တိုင်းဒါဏ် ခံနေရသည့် မြန်မာပြည်သူများ အတွက် ထောက်ပံ့ကူညီရေး သက်သက်သာ ရည်ရွယ်သည်ဟု ပြောဆိုသွားသည်။

အဆိုပါ လေတပ်စခန်းတွင် အမေရိကန် မရိန်းတပ်ဖွဲ့မှ ဝေဟင်ပေါ်တွင် ဆီဖြည့်ပေးနိုင်စွမ်းသည့် ရဟတ်ယာဉ်တစီး အဆင်သင့် ရှိနေပြီး ထောက်ပံ့ရေး ပို့ဆောင်မည့် အစီအစဉ်များကို စွမ်းအားမြင့် လုပ်ဆောင်သွားနိုင်သည်ဟု ပေါလ်ဝဲက ဆိုသည်။ ထို့အပြင် ထိုင်းလေတပ်နှင့် Cobra Gold စစ်ဆင်ရေး လေ့ကျင့်စဉ်တွင် အသုံးပြုခဲ့သည့် ထောက်ပံ့ရေးပစ္စည်း ပေါင်ချိန် ၁၅၀၀၀ မှ ၂၀၀၀၀ အထိ တင်ဆောင်နိုင်သော အခြား စစ်လေယာဉ် ၂ စီး အဆင်သင့် ရှိနေပြီး မြန်မာအာဏာပိုင်များ၏ ခွင့်ပြုချက် ရရှိပါက အမြန်ဆုံး ပို့ဆောင်ပေးနိုင်ကြောင်း သိရသည်။

ထို့အပြင် မြန်မာ့ရေပိုင်နက် အနီးတွင် အမေရိကန် စစ်သင်္ဘော ၄ စီး အဆင်သင့် အနေအထားဖြင့် ဝင်ရောက်ရန် အမိန့် စောင့်ဆိုင်းနေပြီး ခွင့်ပြုချက်ရရှိပါက ထောက်ပံ့ရေး ပစ္စည်းများကို အဆိုပါ စစ်သင်္ဘောများဖြင့် အမြန်ဆုံး ပို့ဆောင်ပေးမည် ဖြစ်ကြောင်း သိရသည်။

အပြည့်အစုံသို့...

Monday, May 12, 2008

ကြိမ်မီးအုံး ပြည်သူများနှင့် အသိဉာဏ် သေးနုတ်လွန်းသည့် စစ်ခေါင်းဆောင်များကြောင့် ထပ်မံ နစ်နာကြရဦးမည့် အခြေအနေ

အောင်သူငြိမ်း
Mizzima
တနင်္ဂနွေနေ့၊ မေလ 11 2008 23:33 - မြန်မာစံတော်ချိန်

နာဂစ် ဆိုင်ကလုန်းမုန်တိုင်းအပြီးတွင်မှ စစ်အစိုးရ၏ ညံ့ဖျင်းချက်နှင့် သဘောထား သေးသိမ်မှု၊ အာဏာရူးမှုတို့ကို လူအများ ပို၍ ထင်ထင်ရှားရှား သိလာကြရသည်။ မုန်တိုင်းတိုက်ခတ် ဖျက်ဆီး ခံလိုက်ရပြီးနောက် ဖြစ်ပျက်နေသည့် အခြေအနေ သတင်းများကို မြင်နေကြားနေရသည်မှာ ရင်နှင့်မမျှ၊ တခါတရံ မြန်မာပြည်သူတို့အဖို့ ကြေကွဲခံစားရဖန် များလွန်း၍ နောက်ထပ် ခံစားစရာ ရင်ပြင်၊ ကျစရာ မျက်ရည် ကျန်ပါဦးမည်လားဟုတောင် တွေးမိပါသည်။ ယခု အခြေအနေက ကြိမ်မီးအုံးဟု မြန်မာပြည်သူများ တင်စားပြောဆိုလေ့ ရှိသည့် တမြေ့မြေ့ကြေကွဲစရာ အဖြစ်ဆိုးမျိုး ဖြစ်သည်။ မုန်တိုင်း ဒဏ်ခံရသည့် ပြည်သူများကို စစ်အစိုးရက ဆက်၍ ဖိထောင်းနေသည်။ ဖြတ် ၄ ဖြတ်မဟုတ်။ ဖြတ် ၅ ဖြတ်ဟု ဆိုရတော့ မည် ထင်သည်။ မြန်မာစစ်အစိုးရက ပြည်သူတို့ကို ရန်သူသဖွယ် သဘောထားကာ ယခု နိုင်ငံတကာက အကူအညီပေးမည် ဆိုသည်ကိုပင် ဖြတ်တောက်နေသည်။

စစ်အစိုးရက ပေးမည့်အကူအညီများ၊ ငွေများသာ သူ့ထံ အပ်ပါ။ သူ့တွင် လုပ်ဆောင်နိုင်သော ပညာရှင်၊ အင်အား အရင်းအမြစ် ရှိသည်ဟု ဆိုနေသည်။ နိုင်ငံတကာ အလှူရှင်များက ဆုပ်စူး၊ စားရူး အခြေအနေ။ စစ်အစိုးရက အေးဓါးပြ တိုက်နေသည်။ ကပ်ဘေးဒဏ်သင့် ပြည်သူများကို အကြောင်းပြ၍ လှူဖွယ်ပစ္စည်းများကို လက်ဝါးကြီးအုပ် ထိန်းချုပ်ရန်၊ အာဏာ တည်ဆောက်ရန် ကြိုးပမ်းနေသေးသည်။ နိုင်ငံတကာရှိ လူသားချင်း စာနာထောက်ထားသည့် အကူအညီ ပေးအပ်သည့် အဖွဲ့အစည်းများက ဤသို့ ပေးလိုက်ရိုးထုံးစံ မရှိပါ။ သူတို့တွင် လိုက်နာ စောင့်ထိန်းရမည့် စည်းမျဉ်းများ ရှိသလို၊ စစ်အစိုးရကဲ့သို့ မျက်နှာလွှဲ ခဲပစ် လုပ်တတ်သူများ မဟုတ်ကြပါ။ ထိုမျှမက မြန်မာစစ်အစိုးရက မစွမ်းဆောင်နိုင်သည့် ယာဉ်၊ ပစ္စည်း၊ ကရိယာ၊ ကျွမ်းကျင်မှု၊ အရင်းအမြစ်ပေါင်းစုံ နိုင်ငံတကာ မိသားစုများတွင် ရှိနေကြပါသည်။ ဤသို့သော အကူအညီများကို ပစ်ပယ်၍ ငါတကောကောနေသည်မှာ စက်ဆုပ်ဖွယ်ပင် ဖြစ်ပါတော့သည်။

နာဂစ် မုန်တိုင်းပြီးနောက်မှ မြန်မာ့ရုပ်မြင်သံကြား ထုတ်လွှင့်ချက်များကို စူးစိုက်ကြည့် ဖြစ်သည်။ အထူးသဖြင့် မုန်တိုင်းဒဏ် အခြေအနေနှင့် ပတ်သက်၍ သတင်းများ သိလိုသောကြောင့် ဖြစ်သည်။ သတင်းများကြည့်ဖြစ်လေ၊ ဒေါသ ဖြစ်လေ ဖြစ်နေရသည်။ စစ်အစိုးရ သတင်းမီဒီယာများ ထုတ်လွှင့်နေသည်က မိမိသိလိုသည့် အချက်များ တခုမျှ မပါဝင်ပါ။ လွန်ခဲ့သည့် ၂- ရက်ခန့်က အမျိုးသား သဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီ အစည်းအဝေး လုပ်သည်ကို ပြသည်။ ဤ ကော်မီတီက ဖွဲ့ထားသည်မှာ ၂၀၀၅ ခုနှစ်ကတည်းက ဖြစ်သည်။ ၀န်ကြီးချုပ် ဗိုလ်ချုပ်သိန်းစိန် ကိုယ်တိုင် ဥက္ကဋ္ဌ လုပ်ပြီး၊ ကျန်ဝန်ကြီးများ၊ ရန်ကုန်၊ မန္တလေး မြို့တော်ဝန်များ အပါအ၀င် ကော်မတီဝင်ပေါင်း ၃၀ ခန့်ပါသည်။ စာရွက်ပေါ်တွင် ရပ်ကွက်/ ကျေးရွာများအထိ ကော်မတီအဆင့်ဆင့် ရှိသည်ဟု ဆိုသည်။ သင်တန်းများလည်း အကြိမ်ကြိမ်၊ အဆင့်ဆင့်တွင် ပေးပြီးဟု ဆိုသည်။ လက်တွေ့တွင် မည်မျှ ထိရောက်သည်ကို ပြည်သူများ အားလုံး အသိပင် ဖြစ်သည်။ လွန်ခဲ့သည့် ၂- ရက်ခန့်က ကျင်းပသည့် အစည်းအဝေးတွင်လည်း မိမိသိလိုသည့် သတင်းအချက်အလက်များကို သူတို့ မဖော်ပြခဲ့ကြပါ။ လူမည်မျှ သေဆုံး၊ ဒဏ်ရာရ၊ ပျောက်ဆုံးဟု ထပ်မံ အသစ် ခန့်မှန်းပါသနည်း။ မဖော်ပြခဲ့ပါ။ အိုးအိမ်မဲ့ ပျက်စီးဆုံးရှုံးရသူများ မည်မျှ ရှိသနည်း။ ဤအချက်ကိုလည်း သတင်းတွင် မထုတ်ပြန်ပါ။ ထို့အပြင် ယာယီ ဒုက္ခသည်စခန်း မည်မျှ ရှိသနည်း။ ထိုစခန်းများတွင် ခိုလှုံနေထိုင်ကြသူ မည်မျှ ရှိသနည်း။ ဤအချက်များကိုလည်း မတွေ့ခဲ့ရပါ။ တွေ့ရသည်က ရုပ်မြင်သံကြား အောက်ခြေတွင် ပြေးနေသည့် ကောလာဟလများကို မယုံကြည်ကြရန်၊ ယခု အစိုးရ သတင်းထုတ်လွှင့်ချက်များကို ယုံကြည်ကြရန်ဟူသည့် စာတမ်း ဖြစ်သည်။

ထို့အပြင် မြင်ကြားနေရသည်က ၀န်ကြီးများ တန်းစီထွက်၍ ဟန်ရေးပြနေပုံ ဖြစ်သည်။ ဒုက္ခရောက်သူများကို ဆက်ဆံနေ သည်မှာလည်း လူသားမဆန်လှပါ။ ဒုက္ခသည်ဆန် ရဖို့အရေး ပြန်ကြားရေး ၀န်ကြီးဆိုသူ ကျော်ဆန်းက ဟန်ပါပါ မိန့်ခွန်း ပေးနေသည်ကို နားထောင်နေကြရသည်။ ကြုံ့ကြုံ့လေးထိုင်ပြီး ကျေးဇူးတော် တင်ကြရသေးသည်။ ဤအရေးကို အမျိုးသားအရေး သဘောထားကူညီရန်နှင့် ကူညီလိုသူများက ဒေသအသီးသီးရှိ ကြံ့ဖွံ့ရုံးများသို့ လှူဒါန်းကြရန် ဆိုလာသည်။ အလှူခံပုံက သင်းသည်။ ဤအဖွဲ့ကို လူမုန်းနေသ၍ ဤနည်းဖြင့်ဆိုလျှင် အလှူငွေ မည်မျှ ထက်သန်စွာ လှူကြမည်ကို တွက်ဆနိုင်ပါသည်။ ၀န်ကြီးချုပ်ဆိုသူ ဗိုလ်ချုပ်သိန်းစိန်ကလည်း အလုပ် မဟုတ်သည်များကို လုပ်သည်။ ရေဘေး၊ လေဘေးသင့် ပြည်သူများကို လှည့်လည် ကြည့်ရှုအားပေးသည်မှာ သင့်သောကိစ္စ ဖြစ်သည်။ ပုသိမ်ရှိ စစ်ဌာနချုပ်သို့ ကိုယ်တိုင် သွားထိုင်၍ အမျိုးသား သဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီ ကိုယ်စား ကြီးကြပ်နေသည်။ ထားပါတော့။ သို့သော်လည်း ရဟတ်ယာဉ်ပေါ် ပစ္စည်းထမ်းတင်သည့် အထိ လုပ်နေသည်ကို ရုပ်မြင်သံကြားတွင် ပြနေသည်။ ဤသည်မှာ သူလုပ်ရမည့် အလုပ် မဟုတ်တော့ပါ။ ထို့အပြင် ခေါက်ဆွဲခြောက်၊ ရေဗူးအချို့၊ ငွေကြေးအချို့ ထောက်ပံ့ ပေးရုံဖြင့် ဖူလုံပြီဆိုသော ပြသမှုမျိုး လုပ်နေသည်မှာ ပို၍ မသိသား ဆိုးရွား နိုင်နေပါတော့သည်။ အမှန်တကယ်တွင် ရေရှည် တည်တံ့သည့် ပြန်လည်ထူထောင်ရေး (sustainable recovery) သဘော သဘာဝကိုလည်း မြန်မာ စစ်ဗိုလ်ချုပ်များက သိရှိထားဟန် မတူပါ။

ဤအခြေအနေတွင် စစ်အစိုးရက လူသားချင်းစာနာမှု အကူအညီဆိုသော ကိစ္စနှင့် ပတ်သက်၍ နားလည် သဘောပေါက်ခြင်း မရှိပုံ၊ နိုင်ငံတကာ အကူအညီနှင့် ပတ်သက်၍ ပို၍ သဘောပေါက် နားလည်မှု မရှိပုံ ထင်ရှား လာပါတော့သည်။ ပညာရှင်များက ဖော်ပြထားကြရာတွင် သဘာဝ ကပ်ဘေးဒုက္ခ ဆိုသည်မှာ လူသားနှင့် သဘာဝ ပတ်ဝန်းကျင်အကြား ဆက်စပ်နေမှု၊ သဟဇာတဖြစ်မှု ကျိုးပျက်စီးသွားခြင်း ဖြစ်သည်။ သို့အတွက်ကြောင့်လည်း ဒေသခံပြည်သူများ ပြန်လည် ထူထောင်ရေးအတွက် ပိုမိုကြီးလေးသည့် ကူညီပံ့ပိုးမှုများ လိုအပ်လာပါသည်။ ဤအခြေအနေကို ယာယီ အရေးပေါ် အကူအညီဖြင့် ဖြေရှင်းပေးရုံမျှဖြင့် မရတော့ပါ။ ဒေသဆိုင်ရာရှိ လူထုများ၏ ရှင်သန် ရပ်တည်ရေး စွမ်းအင် (Local coping capacity) များလည်း ကျဆင်းသွားပြီ ဖြစ်ရာ၊ ပို၍ အားစိုက် ပံ့ပိုးရန် လိုနေပါတော့သည်။ ဆိုလိုသည်မှာ သဘာဝ ကပ်ဘေးများကြောင့် လူများ သေဆုံးမှု များလာသည်။ မိသားစုများ ပြိုကွဲကြရသည်။ အိုးအိမ်၊ ပိုင်ဆိုင်မှုများ ဆုံးရှုံးရသည်။ မြန်မာပြည်၏ စပါးကျီဟု ခေါ်ဆိုနေသော ဧရာဝတီတိုင်းတွင် ဆိုပါစို့။ ဤမုန်တိုင်း ပြီးပြီးချင်း လူအများ သေဆုံးရပြီ ဖြစ်ရာ လုပ်အားရှင် အများအပြား ဆုံးရှုံးသွားပါသည်။ ထို့အပြင် ပြန်လည် ရှင်သန်ရန်အတွက် လယ်မြေများလည်း ဆားငံရေ၀င် ပျက်စီးရပြန်သည်။ နိုင်ငံတကာ ကျွမ်းကျင်သူများ ခန့်မှန်းချက်အရ နောက်ထပ် စိုက်ရာသီ ၂- ခု၊ ၃- ခုတိုင် ဤလယ်များ ပြန်စိုက်ရ ရဖွယ် မရှိပါ။ ကျွဲ-နွားများ ဆုံးရှုံးရသည်။ ၀မ်းစာစပါး၊ မျိုးစပါး များ ဆုံးရှုံးရသည်။ ထို့အပြင် သဘာဝ ပတ်ဝန်းကျင် ပျက်စီးသွားမှုကို မူလအတိုင်း မည်သည့်အချိန်တွင် ပြန်ဖြစ်လာမည်ကို တွက်ဆ၍ပင် မရနိုင်တော့ပါ။ ဤအခြေအနေတွင် ဤလူထုများအတွက် ပြန်လည် ထူထောင်ရေး ဆိုသည်မှာ ကြီးလေးသည့် ကိစ္စ ဖြစ်ပါသည်။ အရင်းအမြစ်၊ ကျွမ်းကျင်မှု များစွာ လိုပါသည်။

ထိုမျှမကပါ။ သဘာဝဘေးဒဏ် ခံလိုက်ရသည့် ဒေသများသည် ချက်ချင်း ဆင်းရဲသွားကြပါသည်။ လက်ငင်းတွင်ပင် လုယက်မှုများ၊ ရုန်းရင်းဆန်ခတ်မှုများ ဖြစ်နိုင်ပါသေးသည်။ ရရှိသည့် အကူအညီများ ထိန်းချုပ်နိုင်ရေးအတွက်လည်း ပဋိပက္ခများ ပိုမို ပြင်းထန် လာတတ်ပါသည်။ ထို့အပြင် ဤပြည်သူများ၏ ၀ယ်နိုင်အား (Purchasing power) လည်း ကျဆင်းသွားသောကြောင့် ဈေးကွက်များလည်း ပျက်စီးရပါသည်။ ထိုမျှမက အခြား အချက်များလည်း လိုက်လာပါ လိမ့်ဦးမည်။ လူများက အလုပ်အကိုင် မရှိတော့သည့် နေရာ၊ အရပ်မှ ပြောင်းရွှေ့မှုများ ပိုမို များပြားလာမည်။ လူကုန်ကူး ရောင်းချမှုများ၊ လူသားချင်း ရောင်းစား၍ အမြတ်ထုတ်မှုများလည်း ဖြစ်ပေါ်လာနိုင်သေးသည်။ ဤအနေအထားမျိုးတွင် နစ်နာဖွယ် အရှိဆုံးသူများမှာ အမျိုးသမီးများနှင့် ကလေးများ ဖြစ်ပါသည်။ အမျိုးသမီးများမှာ အိမ်ထောင် ရပ်တည်ရေး အတွက် အဓိက ရုန်းကန်ရသူများ ဖြစ်သောကြောင့် ကပ်ဘေးဒုက္ခနှင့် အမျိုးသမီး အခွင့်အရေးဆိုင်ရာ လေ့လာချက်၊ ဆွေးနွေးချက်များလည်း များစွာ ရှိနေပါသည်။ ဤအနေအထားမျိုးတွင် အမျိုးသမီးများကို အခွင့်အရေး မြှင့်တင်ပေးရေးနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ မဖြစ်ပေါ်ရလေအောင် စောင့်ရှောက် ကာကွယ်ပေးရမည့် ကိစ္စများလည်း ရှိနေပါ သေးသည်။

ဖြစ်တတ်သည့် အတွေ့အကြုံတခုမှာ လူအများ သဘာဝကပ်ဘေးကြီးများ သင့်ကြရပြီးနောက် စိတ်ကျန်းမာရေးနှင့် ကိုယ် ကျန်းမာရေး ပြဿနာများ ကြုံတွေ့ကြရခြင်းပင် ဖြစ်ပါသည်။ လေ့လာနေသူများအဆိုအရ ဆူနာမီ လှိုင်းကြီး ရိုက်ခတ်ခံရ ပြီးနောက် ၎င်းဒေသများတွင် စိတ်ပိုင်းဆိုင်ရာအရ အနည်းနှင့် အများဆိုသလို အနာတရ၊ စိတ်ဒဏ်ရာရ ခဲ့ကြပါသည်။ ဤ စိတ်ဒဏ်ရာများ၏ မျိုးဆက်အလိုက် ကူးစက်၍ ရေရှည် သက်ရောက်နိုင်ပုံများကိုပင် လေ့လာ ဆန်းစစ်နေကြပါသည်။ အဖြေ အတိအကျ မရှိကြသေးပါ။ သို့သော်လည်း သေချာသည်ကတော့ ဤသို့ ကပ်ဘေးဒုက္ခကြီးများ ကြုံခဲ့ရ၊ မိသားစုဝင်များ သေကွဲ၊ ရှင်ကွဲ ကွဲကြရသူများအဖို့ စိတ်ဒဏ်ရာများ ရရှိနိုင်ပြီး၊ နှစ်သိမ့်ဆွေးနွေး အကြံပေးမှုများ (counselling) လိုအပ်လာခြင်း ဖြစ်သည်။ ထို့အပြင် အခြားလူထု ကျန်းမာရေး ပြဿနာများ ရှိပါသေးသည်။ စစ်အစိုးရက ဤမျှ စဉ်းစားထားပုံ မပေါ် ပါ။

ဤသို့သော ဖက်စုံအရေးများကို ဆောင်ရွက်ရန် ရန်ပုံငွေ အများအပြား လိုပါသည်။ ၀င်ရောက်ကူညီ ဆောင်ရွက်ပေးမှုနှင့် သင့်လျော်သော ဆုံးဖြတ်ချက်များ ပြုနိုင်ရန် အချက်အလက်များ၊ ဒေတာများ လိုပါသည်။ ထို့နောက်တွင်မှ လက်ငင်းအကူ အညီများနှင့် ရေရှည် အကူအညီများကို တွက်ချက်နိုင်ကြမည် ဖြစ်သည်။ (immediate and long-term effective aid) ဤသို့သောလုပ်ငန်းများ အားလုံးကို အစိုးရကသာ ဦးဆောင်၍ အကုန်လုံး ဆောင်ရွက်နိုင်မည် မဟုတ်သည်မှာ သေချာ ပါသည်။ လိုအပ်နေသည့် အရင်းအမြစ်များ မရှိသလို၊ လူသား အရင်းအမြစ်၊ ကျွမ်းကျင်မှုများလည်း ရှိမနေပါ။

စစ်အစိုးရက အိမ်နီးချင်းနိုင်ငံများမှ လေယာဉ် ၄-၅ စီးမျှနှင့် အကူအညီများ ရောက်လာသည်ကို ဂုဏ်ယူဖော်ပြနေသည်။ သူတို့ မိတ်ဆွေကောင်း ရထားဟန် ပြုနေသည်။ ထိုပစ္စည်းများကို ထိထိရောက်ရောက် ဖြန့်ပေးမည် ဆိုသော်လည်း၊ မိမိ တွေ့ရသလောက် ရဟတ်ယာဉ် ၇ စီးခန့်သာ ပျံဝဲ ပစ္စည်း သယ်ပို့နေကြသည်။ ၀န်ကြီးချုပ်ဆိုသူ ဗိုလ်ချုပ်သိန်းစိန် ကိုယ်တိုင်က သူ့အလုပ်မဟုတ်။ ရဟတ်ယာဉ်အပေါ် ပစ္စည်း ထမ်းတင်နေပြန်သည်။ မြန်မာစစ်အစိုးရ အမြင်တိုပုံကို ကြည့်၍ မိမိ ဒေါသ ဖြစ်နေရသည်။

ယခုအချိန်တိုင် မြန်မာနိုင်ငံအတွက် အကူအညီ ပေးမည်ဟု ကတိပြုထားကြသည်မှာ အမေရိကန်ဒေါ်လာ သန်း ၄၀ မျှသာ ရှိပါသေးသည်။ သို့သော် ဤအကူအညီ အများစုကိုသော်မှ စစ်အစိုးရ ပိတ်ဆို့ ဟန့်တားထားမှုများကြောင့် လက်ခံမရနိုင် ဖြစ်နေကြပါသေးသည်။ ၂၀၀၄ ခုနှစ် ဆူနာမီ အပြီးတွင် နိုင်ငံပေါင်း ၁၁-ခု ကပ်ဘေးဒဏ် ခံစားလိုက်ရ၍ လူပေါင်း ၂၂၀,၀၀၀ ခန့် သေကြေခဲ့ရပါသည်။ သို့သော်လည်း ဆူနာမီဖြစ်ပြီး ၁၂ ရက်အတွင်းမှာပင် နိုင်ငံတကာ အကူအညီပေးရေး ညီလာခံကို ခေါ်ယူနိုင်ခဲ့ပြီး၊ နိုင်ငံ ၁၉ ခုက ဒေါ်လာ သန်း ၄,၀၀၀ လှူဒါန်းမည်ဟု ကတိပြုခဲ့ကြပါသည်။ ဆူနာမီကပ်ဘေး ဒဏ်သင့်ခံရသူ လူတဦးချင်းက ပျမ်းမျှအားဖြင့် အကူအညီ ဒေါ်လာ ၅,၀၀၀ မှ ၆,၀၀၀ ကြား ရရှိခဲ့ကြပါသည်။
အခြား နိုင်ငံများတွင်လည်း အကူအညီ ရရှိရေးအတွက် လုံးပမ်းခဲ့ကြပြီး၊ နိုင်ငံတကာက ရက်ရောထက်သန်စွာ လှူဒါန်း ခဲ့ကြပါသည်။ အီရန်နိုင်ငံတွင် ၂၀၀၃ ခုနှစ်က လှုပ်ခဲ့သည့် ဘမ် ငလျှင်ကြီး (Bam earthquake) တွင် နိုင်ငံတကာက ဒေါ်လာ သန်း ၁,၅၀၀ လှူဒါန်းခဲ့ကြသည်။ (ဤငလျှင်တွင် လူ ၂၆,၀၀၀ သေဆုံးပါသည်။) ၁၉၉၉ ခုနှစ်က ဟွန်ဒူးရပ်စ် နိုင်ငံတွင် မစ်ခ်ျ ဟာရီကိန်း မုန်တိုင်းကြုံခဲ့ရာ နိုင်ငံတကာက ဒေါ်လာ သန်း ၃,၀၀၀ အကူအညီ ပေးခဲ့ပါသည်။ (ဤဖြစ်ရပ်တွင် လူ ၁၀,၀၀၀ သေဆုံးပါသည်။) ၁၉၉၈ ခုနှစ် ဘင်္ဂလားဒေ့ရှ် ရေဘေးတွင်လည်း နိုင်ငံတကာက အကူအညီအဖြစ် ဒေါ်လာ သန်း ၉၀၀ ပေးအပ်ခဲ့ပါသည်။ (ဤရေကြီးမှုတွင် လူ ၁,၀၀၀ သေဆုံးပါသည်။) ဤကိစ္စများနှင့် နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံ ရရှိသည့် အကူအညီ ကတိပြုထားငွေ ဒေါ်လာ သန်း ၄၀ ဆိုသည်မှာ နည်းလွန်းလှပါသည်။ (ယခု မုန်တိုင်းဒဏ်တွင် သေဆုံးရသူ အစိုးရ စာရင်းအရ ၂၂,၀၀၀ နှင့် ပြင်ပ ခန့်မှန်းချက်များအရ ၁၁၀,၀၀၀ သေဆုံးရသည်ဟု ဆိုနေပါသည်။)

ဝန်ကြီးချုပ်ဆိုသူ ဗိုလ်ချုပ်ကြီးသိန်းစိန် ဆောင်ရွက်ရန်မှာ နိုင်ငံတကာ အကူအညီများ ပိုမို များပြားစွာ ရရှိရေးပင် ဖြစ်ပါသည်။ ရဟတ်ယာဉ်ပေါ် ခေါက်ဆွဲခြောက်ထုတ် ထမ်းတင်နေရန် မဟုတ်ပါ။ မြန်မာပြည်သူများ ကပ်ဘေးဒဏ် သင့်ခံရသည့် အတွက် နိုင်ငံတကာ အကူအညီရရှိရေးအတွက် နိုင်ငံတကာ ညီလာခံတရပ် စည်းရုံး ခေါ်ဆိုနိုင်ရန်ပင် ဖြစ်ပါသည်။ ဤ နိုင်ငံတကာ ညီလာခံ အောင်မြင်စေရန်လည်း မြန်မာ စစ်အစိုးရဖက်က လိုက်လျော အပေးအယူ လုပ်ရမှုများလည်း ရှိနိုင်သည်။ အထူးသဖြင့် နိုင်ငံတကာက ပြစ်တင်ဝေဖန်နေသည့် လူ့အခွင့်အရေး ချိုးဖောက်မှု ကိစ္စများနှင့် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး ကိစ္စများ ဖြစ်သည်။ မြန်မာပြည်သူများ ကောင်းစားရေးအတွက် မျှတသော တောင်းဆိုမှုများလည်း ဖြစ်သည်။ စစ်အစိုးရ ကိုယ်၌က ဒီမိုကရေစီစနစ်ကို သွားတော့မည်ဟု ပြောဆိုနေချိန်တွင် ဤအချက်က ပြဿနာ မဟုတ်တော့ပါ။

ထို့အပြင် နိုင်ငံတကာက သဒ္ဒါစိတ် ယိုဖိတ်လာစေရေးအတွက် ဆောင်ရွက်ရန် လိုအပ်ပါသည်။ အထူးသဖြင့် နိုင်ငံတကာ သတင်း မီဒီယာများတွင် အချိန်ပြည့် မြင်တွေ့နေရခြင်း (widespread real-time coverage) ဖြင့် အလှူရှင်အများကို ပို၍ တိုက်တွန်းနိုင်လိမ့်မည် ဖြစ်သည်။ ဤသို့ ဖြစ်စေရန်မှာ သတင်းမီဒီယာ ဌာနများကို လွတ်လပ်စွာ သွားရောက်ထိတွေ့ခွင့် ပေးရန်လည်း လိုအပ်နေပါသည်။

ထို့အပြင် စိုက်ပျိုးရေးလုပ်ငန်းများ ပြန်လည် ထူထောင်ရေးအတွက် ငွေချေးယူရနိုင်သည့် နေရာများလည်း ရှိနေပါသေး သည်။ မကြာသေးမီကပင် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကို အစားအစာ ဈေးနှုန်းများ ကမ္ဘာတခုလုံးတွင် မြင့်တက်လာမှုကြောင့် အထူး ထိခိုက်နစ်နာဖွယ် ရှိနေသည့် အာရှနိုင်ငံများကို ကူညီပေးမည့် အစီအစဉ် ရှိနေပါသည်။ နောက်ပိုင်းတွင် အမေရိကန်ဒေါ်လာ သန်း ၃, ၀၀၀ အထိ တိုးမြှင့်ခဲ့ပါသည်။ အဓိကအားဖြင့် ချေးငွေပုံစံဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို တိုးတက်စေရန်၊ ချဲ့ထွင်နိုင်ရန် ကူညီပံ့ပိုးမည် ဖြစ်ပါသည်။ သို့သော်လည်း ဤချေးငွေ ရနိုင်ရေးမှာ မြန်မာစစ်အစိုးရတွင် ပြဿနာ ရှိနေပါသေးသည်။ ယခင်မဆပ်ဘဲ ကျန်နေသော ကြွေးဆိုးများ ပြဿနာပင် ဖြစ်သည်။

ဤမျှသာမကပါ။ မြန်မာ အစိုးရတွင် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် (good governance) ဖြစ်စေရန်နှင့် နိုင်ငံရေးအရ အလိုဆန္ဒ ရှိရန်လည်း လိုအပ်နေပါသေးသည်။ အိမ်နီးချင်း နိုင်ငံများ၏ အကူအညီမျှသာ မဟုတ်ပါ။ ကုလသမဂ္ဂနှင့် အင်အားကြီး နိုင်ငံများ၏ နိုင်ငံအရ လိုလားထောက်ပံ့ပေးလိုမှု ဆန္ဒရရှိအောင် ဆွဲဆောင် စည်းရုံးရန်လည်း လိုအပ်နေပါ သေးသည်။ ယခု အမေရိကန်ပြည်ထောင်စုက ကူညီမည်ဆိုသည်ကိုပင် ပိတ်ပင်ငြင်းပယ်မှုများ ပြုနေပြန်သည်။ ၀န်ကြီးချုပ် လုပ်နေသူ ဗိုလ်ချုပ်သိန်းစိန် ယခုကာလတွင် အခြေပြုရမည့် နေရာက ပုသိမ်မဟုတ်ပါ။ နိုင်ငံတကာနှင့် ကုလသမဂ္ဂ စင်မြင့်များတွင်သာ ဖြစ်ရပါမည်။ မြန်မာပြည်သူများအတွက် အကူအညီရရှိရေး ဆွေးနွေးပွဲ၊ ကွန်ဖရင့် စားပွဲဝိုင်းများ၌သာ ဖြစ်ရပါလိမ့်မည်။ ယခုတော့ ဤသို့ မဟုတ်ပါ။ မြန်မာစစ်အစိုးရ၏ ညံ့ဖျင်းပုံ၊ အမြင်တိုပုံဖြင့် မြန်မာပြည်သူများအဖို့ ခံရဖို့ ချည်းသာ ဖြစ်နေပါတော့သည်။

အောင်သူငြိမ်း

အပြည့်အစုံသို့...

Naynatshin

I am Naynatshin, creator of the sun god.

အပြည့်အစုံသို့...