ချမ်းသာပြည့်ဝနေသော လူတစ်ယောက်ကိုမြင်ရတဲ့အခါ… သူ့နေရာမှာ ငါသာဆိုရင်…………
ဆင်းရဲ ဒုက္ခရောက်နေသော လူတစ်ယောက်ကိုမြင်ရတဲ့အခါ… သူ့နေရာမှာ ငါသာဆိုရင်………
ပညာတတ်ပီး စိတ်ဓာတ်ညံ့ဖျင်း ယုတ်မာနေတဲ့သူတစ်ယောက်ကိုမြင်ရတဲ့အခါ… သူ့နေရာမှာ ငါသာဆိုရင်…..
ပညာမတတ်ပေမယ့် စိတ်ဓာတ်မြင့်မြတ်ပီး သူတစ်ပါးတို့အပေါ် ကူညီစောင့်ရှောက်တတ်သူတစ်ယောက်ကို မြင်ရတဲ့အခါ… သူ့နေရာမှာ ငါသာဆိုရင်…….
အာဏာရှိပီး အာဏာအားကိုး သူတစ်ပါးတို့ကို ညှင်းဆဲနှိပ်စက်နေသူတစ်ယောက်ကို မြင်ရတဲ့အခါ… သူ့နေရာမှာ ငါသာဆိုရင်……
အာဏာရှိပီး အာဏာကိုသူတစ်ပါးတို့အတွက် ကောင်းကျိုးရှိဖို့သာ အသုံးချနေတဲ့သူတစ်ယောက်ကို မြင်ရတဲ့အခါ… သူ့နေရာမှာ ငါသာဆိုရင်….
စသည် စသည်ပေါ့ အကောင်းအဆိုး အနိမ့်အမြင့် အကြမ်းအနုတွေနဲ့ ဒွန်တွဲနေတဲ့လောကကြီးမှာ ကောင်းတာတွေကိုတွေ့လို့ ငါသာဆိုရင် ဆိုတဲ့ ကိုယ်ချင်းစာတရားရဲ့နောက်ကွယ်က စိတ်ကူးယဉ် စဉ်းစားချက်တွေက အကောင်းဘတ်ကို ဦးတည်တယ်ဆိုရင် သင့်ရဲ့စိတ်ဓာတ်ကကောင်းနေပီပေါ့။
ပြောင်းပြန်ဆန့်ကျင်ဘတ်ဆိုရင်တော့ သင့်ရဲ့စိတ်ဓာတ်ကလဲ အကောင်းရဲ့ ဆန့်ကျင်ဘတ်ပဲပေါ့။
အကောင်းတွေနဲ့တွေနေတိုင်းလဲ သာယာပျော်ရွှင်မနေနဲ့။ ဆိုးတာတွေနဲ့တွေ့နေရတဲ့သူတွေ လောကကြီးမှာ ဒုနဲ့ဒေး ရှိနေသေးတယ်။
အဆိုးတွေနဲ့တွေ့တိုင်းလဲ စိတ်တွေညစ်မနေနဲ့။ လောကကြီးမှာ ကောင်းအောင်လုပ်လို့ရတာတွေ အများကြီးရှိသေးတယ်။
Friday, October 15, 2010
“ငါသာဆိုရင်” ရဲ့ နောက်ကွယ်
Labels:
article
Sunday, April 18, 2010
ချစ်စရာ ဆရာ့စည်းကမ်းလေးတွေ
ဆရာတော်နဲ့စတင်တွေ့ရတဲ့ အဲဒီနေ့ကစလို့ ဆရာတော့် အထံကကြားခဲ့ရတဲ့ စာကြိုးစားကြ ဆိုတဲ့စကားလုံးကို မှတ်ထားခဲ့တာ။ သူများတွေကတော့ ဒီလိုပြောတာ ပိုတယ်ထင်မှာပေါ့။ ကျုပ်အတွက်ကတော့ မပိုဘူး အတိအကျဘဲ။ ကျုပ် ကိုရင်ဘဝနဲ့ ရွာကျောင်းမှာ နေခဲ့တာ ၄နှစ်ကြာတယ်။ ကံဆိုးချင်တော့ ကျုပ်က ရွာဆရာတော်ကြီး စာမသင်နိုင်တော့တဲ့ အချိန်ကျမှ ကိုရင်ဖြစ်ခဲ့တာ။ စာကြိုးစား လို့ခိုင်းတဲ့အသံမကြားခဲ့ရဘူးဗျ။ တကယ်။ ကျောင်းပေါ်က ကျလို့ ခြေထောက်တော်မကောင်းရှာတဲ့ ဆရာတော်ကြီးကို ပြုစုရလို့ ကုသိုလ်ဘဲရခဲ့တာ။ ဘုန်းကြီးစာ ဘာမှမရခဲ့ဘူး။ လောကနီတိတောင်အကုန်မသင်ခဲ့ရဘူး။ သင်္ဂြိုဟ်က ၂မျက်နှာမကျော်ခဲ့ဘူး။ သဒ္ဒါကြီးကလဲ ယဿိန္ဒြိယာနိ ပုဒ်ဘဲဖြတ်တတ်တယ်။ ပြန်မစပ်နိုင်ခဲ့ဘူး။ ရက်ရာဇာ ပြဿဒါးရက် ရွေးနည်း ဆောင်ပုဒ်လေးတွေ ရခဲ့ဖူးတယ်။ ကျုပ် ရွာဦးကျောင်းဆရာတော်ကို အပြစ်ပြောနေတာမဟုတ်။ ကျုပ်ကံဆိုးခဲ့တာပြောနေတာပါ။ ဆရာတော်ကြီးက သီလကောင်းတယ် အကျင့်ကောင်းတယ် အနေအထိုင်ကောင်းတယ်။ ရွာသူ ရွာသားတွေကို သားသမီးလိုချစ်တယ်။ ရွာထဲကလူတွေ ဆန်ပြုတ်သောက်ရတယ်ဆိုရင် သူလဲဆန်ပြုတ်ဘဲသောက်တယ်။ မိုးမရွာလို့ရှိရင် ကျုပ်တို့ ကိုရင်ပေါက်စလေးတွေ မပီကလာ ပီကလာနဲ့သူ့နောက်ကလိုက်လို့ ငါးရံ့မင်းပရိတ်ရွတ်ရတာ အမော။
အဲဒီလို လေးနှစ်တာကာလကို ဖြတ်သန်းခဲ့ရတဲ့ ကျုပ်လေ မန္တလေးကိုရောက်တော့မှ စာကြိုးစားကြ ဆိုတဲ့စကားမျိုးကြားရတာ။ မှတ်ထားတယ်။ စာကျက်ချိန်စာကျက်တယ်။ အဲလို စာကျက်ချိန်နဲ့ကျက်နေရတာကို ထူးခြားတဲ့အလုပ်တခုလို့ ဂုဏ်ယူနေသေးတယ်။ အဲဒီတုန်းက။ ကျောင်းမှာ စာချဆရာတော်က ဦးဝိစိတ္တာလင်္ကာရ (မဟာဂန္ထဝါစက ပဏ္ဍိတ) ဆရာတော်။ ကျုပ်မန္တလေးကိုရောက်တော့ ကျောင်းတိုက်မှာ စာဝါတွေက စနေပီလေ။ ၂လကျော်ပီတဲ့။ စာချဆရာတော်ကပြောတယ် ‘‘မင်း တစ်လအတွင်း ကျောင်းတိုက် ဘုရားရှိခိုးရယ်၊ ပရိတ်ကြီး ၁၁သုတ်ရယ်၊ သေခိယပါဠိ အနက်ရယ်၊ သဂြိင်္ုဟ် စိတ်ပိုင်းရယ် ရလို့ရှိရင် မူလတန်း တက်ပေးမယ်’’ လို့ပြောတယ်။ ဘာမှန်းမသိဘူး မူလတန်းဆိုတာ။ ကြားရသမျှ အထူးအဆန်းတွေချည်းဘဲ။ တောက တက်လာခါစကိုး။ အဲဒါနဲ့ ကျက်တယ်။ ရတယ်။ ဘာမသိညာမသိနဲ့ ချီးကြူးခံလိုက်ရသေးတယ်။ မူလတန်းတက်ဖို့ ဝင်ခွင့်အောင်သွားတယ်ပေါ့လေ။ အဲဒီတော့မှ မူလတန်းဆိုတာ ကိုသိတော့တယ်။ ကျုပ်က လူကသေးသေးကွေးကွေး ဆိုတော့ ၁၄နှစ်သားက ၁၀နှစ်သားကိုရင်တွေနဲ့ မူလတန်းလိုက်ရတာ ဘာမှ ရှက်စရာမရှိ။ ရွယ်တူထင်နေကြတယ်လေ။ ကိုယ်ကလဲ ပျော်နေတာဘဲ။ ရွာတုန်းက ပြန်မစပ်ခဲ့ရတဲ့ ယဿိန္ဒြိယာနိ ကိုပြန်စပ်တတ်သွားပီလေ။ ကိုယ့်ကိုယ်ကိုလဲ တော်တော်အထင်ကြီးသွားတာ။ ကလေးအထင်နဲ့။ ရွာပြန်ရင် ရွာကောင်တွေကို တွက်ပြလိုက်အုန်းမယ်ပေါ့။
ပြောချင်ပါသေးတယ်။ ဘာဝနာဋ္ဌာန ဆိုပေမယ့် စာသင်တိုက်ပေါက်စလေးက တွဲကပ်ပါနေတာကြောင့် ကျုပ်ကံကောင်းတယ်။ နောက်တခုက ဓမ္မကထိကဆရာတော် ဦးဆောင်တာဖြစ်တော့ သာမာန်စာသင်တိုက် တွေနဲ့မတူဘူး။ စည်းကမ်းလေးက တမျိုးလေးလုပ်ထားတာ ချစ်စရာကောင်းတယ်။ မနက် ဆွမ်းခံသွားခါနီးရင် သင်္ကန်းရုံပီး တန်းစီ စုံပီဆိုရင် သင်္ကန်းပစ္စဝေက္ခဏာ ဆင်ခြင်ရတယ်။ မတွေ့ဖူးဘူး တခြားမှာ။ ဆွမ်းစားခါနီး ပစ္စဝေက္ခဏာဆင်ခြင်တာတွေ ရှိပါတယ်။ ဆွမ်းခံပြန်လာရင် ဆွမ်းခံလာတဲ့သပိတ်ကို ဆရာတော်က တခါတလေ ခေါ်ပီးတော့ကြည့်တယ်။ ဘယ်လောက်ရလဲပေါ့။ ကိုရင်ရဲ့ဘုန်းကံကိုစစ်တာလား ဒါမှမဟုတ် လူတွေရဲ့ အခြေနေကိုစစ်တာလားဆိုတာတော့မသိ။
ဆွမ်းစားချိန်ရောက်ရင် ဆရာတော်တွေနဲ့ ရဟန်းတော်တွေ ဆွမ်းဘုန်းပေးချိန်မှာ သာမဏေတွေက တန်းစီပီးတော့ နေ့စဉ်အလိုက် သေခိယသိက္ခာပုဒ်တွေကို တစ်ဝဂ်စီ အလှည့်ကျ တစ်ပါးစီ တိုင်ပေးပြီး လိုက်ဆိုကြရတယ်။ ပီးရင် ဒီနေ့ တပည့်တော် ဘာလုပ်ပါသည်ဘုရား ဆိုတာကို လျောက်ရတယ်။ ဥပမာ. တပည့်တော် ရှင်အာဒိစ္စ. ဗိမာန်ကြီးပေါ်မှာ တံမျက်စည်း လှဲပါသည်ဘုရား… ပေါ့။ သေနာသနဝတ်ကို တခုစီယူကြရတဲ့သဘောပါ။ အားလုံးလျောက်ထားပီးပီဆိုမှ ကိုရင်တွေ ဆွမ်းစားရတယ်။ ဆွမ်းစားပီးလို့ ၁၂ နာရီထိုးရင် ဗိမာန်ကြီးပေါ်မှာ တန်းစီအိပ်ရတယ်။ မအိပ်မနေရ။ အဲဒီလို အိပ်ခါနီးရင် ကျောင်းပစ္စဝေက္ခဏာ ဆင်ခြင်ရတယ်။ ၁နာရီထိုးတာနဲ့ စာဝါစတော့တာဘဲ။ ညနေ ၄နာရီထိုးလို့ စာဝါပီးပီဆိုရင် အားလုံးဆရာတော့်ဆီကိုသွားပီး ကန်တော့ရတယ်။ ရှိရင်ပေါ့။ အဲဒီနောက် သန့်ရှင်းရေးလုပ်တဲ့ သူတွေကလုပ် ထင်းခွဲတဲ့သူတွေက ခွဲ။ ၅နာရီထိုးရင် ကိုရင်တွေက သင်္ကန်းလက်ကတော့ထိုးပီး တန်းစီ ဗိမာန်ကြီးကိုပတ်ပီး ဘုရားဂုဏ်တော် တရားဂုဏ်တော် သံဃာဂုဏ်တော် တွေကို တန်းစီရွတ်ရတယ်။ အဲဒီလို ပတ်ပီးတော့ ဘယ်မှာဆုံးသလဲဆိုတော့ ဗိမာန်ကြီးရဲ့ ခေါင်းရင်းမှာ အမြင့်ပေ ၁၅ပေ ကျော်ကျော်ရှိတဲ့ ထိုင်တော်မူ မြတ်စွာဘုရားဆင်းတုတော်တွေ ၆ဆူရှိတယ်။ တန်းစီပီး တည်ထားတာ။ ကျောင်းဝိုင်းရဲ့ ဦးထိပ်မှာဘဲ။ မန္တလေးတောင်ပေါ်ကနေ ကြည့်ရင် တန်းနေတာဘဲ။ အခုဆို ၉ဆူရှိသွားပီ။ အဲဒီ ဘုရားဆင်းတုတွေရှေ့မှာ တန်းစီထိုင်ပီး ဘုရားဝတ်ပြုရသေးတယ်။ အဲဒီက ပြန်လာပီဆိုတော့မှ ချိုချဉ်တို့ ထန်းလျက်တို့ဝေတဲ့ ကိုရင်က အဆင်သင့်။ အဲဒီဝေစုလေးကိုလည်း ပစ္စဝေက္ခဏာ ဆင်ခြင် ဘုန်းပေးပီးတော့ ခဏနားပီး သံဃာအားလုံး ဗိမာန်ကြီးပေါ်မှာ နေ့စဉ်ဘုရားဝတ်တက်ကြရတယ်။ ပီးတော့ စာအံ အချိန်တန် မီးပိတ် အိပ်ပေါ့။
ကဲ ကြည့်စမ်း။ စည်းကမ်းလေးတွေ တမျိုးလေးတွေ။ ကိုရင်ငယ်လေးတွေရဲ့ရင်ထဲ ထည့်ပေးလိုက်တာလေးတွေ ဘယ်မှာမှ မရနိုင်ဘူးထင်ပါ့။ နောက်ပီး ဥပုသ်နေ့ဆိုရင် ကျောင်းမှာက ပရိသတ် အလွန်ပေါတယ်။ အဲဒီတုန်းက အနဲဆုံး ၂ရာဘဲ ဥပုသ်သည်တွေ။ နေ့လည် ၁၂ နာရီဆိုရင် ဥပုသ်သည်တွေ တရားထိုင်ရတယ်။ ကိုရင်တွေ ဦးဇင်းတွေလဲ ထိုင်ရတယ်။ ကလေးတွေ တခြားစာသင်တိုက်မှာ ဥပုသ်နေ့ဟာ အားလပ်ရက်ဘဲ။ အခုဒီမှာတော့ ကလေးတွေ တရားထိုင်နေရတယ်။ ဘယ်သိမှာလဲ။ ဒီကလေးတွေ ဘယ်လိုထိုင်ရမယ်ဆိုတာ။ ပါရမီရင့်နေတာမှ မဟုတ်တာ။ အိပ်တဲ့ကလေးအိပ်။ ငေးတဲ့ကလေးငေး။ ဆရာတော် ဘာမှမပြောဘူး။ တရားထိုင်တဲ့နေရာမှာ ရှိနေရင် ကျေနပ်နေတာ။ အဲဒီလိုနဲ့ ၂နာရီမှာဆိုရင် တရားပွဲရှိတယ်။ ကျောင်းက ကိုရင် ဦးဇင်း ရှေ့ဆုံးက နာရတယ်။ တရားဟော ဓမ္မကထိက တော်တော်စုံတဲ့ ဗိမာန်လို့နာမည်ကြီးတယ်။ တခါမှမဟောဖူးသေးတဲ့ ဓမ္မကထိကဆိုရင်တော့ တော်တော်စိတ်ပျက်တယ်။ ဘာလို့လဲဆိုတော့။ ကိုရင်လေးတွေ တရားထိုင်ပီးလို့ ပြန်ကြွပီဆိုရင် ကလေးလေးတွေ တရားထိုင်တာ ကြည်ညိုလို့ အဆင်းမှာ ပိုက်ဆံလှူကြတာ အမြဲတမ်းဘဲ။ ကိုရင်လေးတွေက အဲဒီပိုက်ဆံကို လက်တွေ့အသုံးချပုံက တရားနာ တရားထိုင်တဲ့ ကျောင်းထဲကို စီးပွားရေး သိပ်တော်တဲ့ လူတယောက်က လေပုပ်ထုက်ဆေး အမြဲတမ်းလာရောင်းတယ်လေ။ သူ့လေပုပ်ထုက်ဆေးက စားလို့အလွန်ကောင်းတယ်။ ပီးတော့မှ အစွမ်းပြတာ။ ကိုရင်တွေက တရားထိုင်အပြီးမှာ ဘုန်းပေးထားတဲ့ ဆေးက တရားနာရမယ့်အချိန်ကျတော့ အစွမ်းကပြပြီလေ။ ထိုင်တာကရှေ့ဆုံးက။ အဲဒီမှာ ဓမ္မကထိက အသစ်ဆိုရင် ဒုက္ခရောက်တော့တာဘဲ။
နောက်တခုက ဓမ္မကထိကဆရာတော် တရားမဟောခင်မှာ ကိုရင်လေးတွေ အလှည့်ကျ သီလပေးရတယ်။ တရားဟောပလ္လင်ပေါ်မှာ တက်ပေးရတာ။ ၇နှစ် ၈နှစ်သားကိုရင်လေးတွေ အသံကလေး စာစာ စာစာနဲ့သီလပေး တော့ ကြည်ညိုကြတယ်လေ။ ကလေးနဲ့မလိုက်။ ဣနြေ္ဒကြီး တစ်ခွဲသားနဲ့ ကျက်ထားတဲ့ ဆုပေး အိုးနင်းခွက်နင်း နဲ့ သီလကလဲ တခါတလေ ၇ပါးတည်းဖြစ်ချင်ဖြစ်နေတာ။ အောက်က ဥပုသ်သည်တွေကလဲ သဘောများကျလို့။ ပလ္လင်ပေါ်ကဆင်းလာပီဆိုရင် ၅ကျပ် ၁၀ တွေလာကြတော့ ကိုရင်လေးတွေက သီလဘဲပေးချင်နေတော့တာ။ ဖြစ်ပုံက။ ဓမ္မကထိကကျောင်းမှာနေရတဲ့ အတွေ့အကြုံပေါ့။ ငယ်ငယ်ကတည်းက ပလ္လင်နဲ့ယဉ်ပါးခဲ့သလို သတည်းးးးးးးးးးးးး ဆိုတဲ့ သာဓုချတဲ့အသံကလဲ ပါးစပ်က အလိုလိုထွက်နေတော့တာ။ စာသင်တိုက်ကြီးတွေမှာ နေတဲ့ မူကြိုတန်းကိုရင်က ရှင်အဋ္ဌကထာဆရာ ဆရာသည်……… ဆိုနေသလိုဘဲ။ ဓမ္မကထိကကျောင်းမှာ နေရတဲ့ကိုရင်ငယ် ကလေးငယ်တွေဟာ ငယ်ငယ်ကတည်းက တရားထိုင်တဲ့အကျင့် တရားဟောတဲ့အကျင့်လေး တွေရလာတာ အမြတ်။ စားဝတ်နေရေးမပင်ပန်းဘူး။ စားဝတ်နေရေးမပင်ပန်းတော့ စာသင်ရတာ ပိုသွက်တယ်။ ကောင်းကောင်းကြီးစားပီး ကောင်းကောင်းကြီးအိပ်နေသူအတွက်တော့ ချွင်းချက်ပေါ့လေ။ ပြောချင်တာက တခြားနဲ့မတူတဲ့ ဓမ္မကထိကဆရာတော်ရဲ့ စည်းကမ်းလေးတွေဟာ ပါဠိတော် အဋ္ဌကထာတွေထဲက ပုံရိပ်တချို့ ပါနေတတ်တာကြောင့် ချစ်စရာလေးလို့ပြောတာပါ။

Saturday, April 17, 2010
ဆရာနှင့်မိတ်ဆက်
ကျွန်ုပ် နှင့် ကျွုန်ုပ်ဆရာတော် ၂ပါး
(အယုဒ္ဓယမြို့ ထိုင်းနိုင်ငံ ရောက်စဉ်က)
ကျုပ်က အညာသားဆိုတော့လဲ အညာလေက
ပျောက်မယ်မထင်။ ကျုပ် မန္တလေးကိုရောက်တော့ ၁၄နှစ်သားပေါ့။ ကျုပ်လေ မန္တလေးကိုလိုက်နေရမယ်
ဆိုတော့ ပျော်လိုက်တာ မိဘတွေနဲ့ဝေးနေရမယ် ဆိုတာကိုတောင် မေ့နေခဲ့တာ။ မန္တလေးက ‘‘တောင်စလင်းတိုက်သစ်ဘာဝနာဋ္ဌာန’’ တဲ့လေ တစ်နိုင်ငံလုံးမှ ဒီနာမည်က ဒီတစ်ကျောင်းဘဲရှိမယ်ထင်တယ်။ ‘‘ဘာဝနာဋ္ဌာန’’ ဆိုတာ သုံးခဲတယ်လေ။ ရိပ်သာ ဆိုတာလောက်ဘဲသုံးကြတာကိုး။ ၁၄ ဧကကျယ်တဲ့ အဲဒီ
ကျောင်းတိုက်ကြီးကို ပြန်လည်တည်ထောင်ဖန်ဆင်း တာက ဆရာတော် ဘဒ္ဒန္တ တိက္ခ (မဟာဓမ္မကထိက ဗဟုဇနဟိတဓရ၊ အဂ္ဂမဟာပဏ္ဍိတ) ဖြစ်တဲ့ ကျွန်ုပ်ရဲ့ ကျေးဇူးရှင်ဖြစ်ပါတယ်၊ မင်းတုန်းမင်းခေတ်က ဆင်ဖြူမရှင်မိဖုရားကြီး လှူထားတဲ့ကျောင်းကြီးလို့ဆိုပါတယ်။ ကျောင်းဝန်းရဲ့အလယ်မှာ
မဟာအောင်မြေဓမ္မဗိမာန်ကြီး ဆောက်ပီးတော့ ပတ်ပတ်လည်မှာတော့ ကျောင်းအရံ ၂၀ တည်ဆောက်ပီး
လှူဒါန်းခဲ့တယ်လို့ဆိုပါတယ်။ အပြင်တံတိုင်း အတွင်းတံတိုင်း နှစ်ထပ်နဲ့ တည်ထောင်ခဲ့တဲ့ ကျောင်းတော်ကြီးကို မဟာဝိဇိတာရာမ လို့နာမည်ပေးခဲ့တယ်လို့ ကျောက်စာအရသိခဲ့ရတယ်။
အဲဒီနောက်တော့ ဘယ်အချိန်က စတင်ပီးပျက်စီးခဲ့တယ်မသိဘူး ယခု ကျွန်ုပ်ရဲ့ ကျေးဇူးတော်ရှင် ဆရာတော်ရဲ့လက်တော်သို့ရောက်တော့ ကျောင်းတော်ကြီးဟာ တောအုပ်ကြီးပမာ ခိုးသားများ သားသတ်များ ကျက်စားရာ လူဆိုးလူမိုက်တို့ ခိုအောင်းရာဖြစ်နေပါတယ်တဲ့။ အဲဒီနေရာကြီးကို မဟာနန္ဒိသေန ဆရာတော်ကြီးက အရှေ့ဝါခင်းကုန်းကျောင်းတိုက် မှာသီတင်းသုံးပြီး စာသင် စာချ တရားဟော တရားပြရင်း သာသနာပြုနေတဲ့ ယခုလက်ရှိ ကျွန်ုပ်တို့ရဲ့ ကျေးဇူးရှင်ဆရာတော်ကို အပ်နှံခဲ့ပါတယ်။ ဘာမှမရှိတဲ့နေရာ ဆိုတာထက် လူရိုး လူခေါင်း နွားရိုး နွားခေါင်းခြောက်တွေနဲ့ပြည့်နေတဲ့ အဲဒီ နေရာကြီးကို ဆရာတော်၏ တူတော်ဖြစ်သော ဘဒ္ဒန္တ နေမိန္ဒ (အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ) အရှင်နဲ့ တွဲဖက်လို့ ထူထောင်လာခဲ့ရတဲ့ အတွက် ကျောင်းတိုက်တော်ကြီးကို ပြန်လည်တည်ထောင်ဖန်ဆင်းသူလို့ ပြောခဲ့တာပါ။
ပြန်လည်ထူထောင်တဲ့နေရာမှာ ခက်ခဲတဲ့ ဖြစ်ရပ်တွေအများကြီး ထူးဆန်းတာတွေကလည်း အများကြီးဘဲ။ ဒါပေမယ့် ဒုတိယလူရဲ့ စကားနဲ့မပြောချင်သေးလို့ နောက်မှဘဲ ပြောပြတော့မယ်။ အဲလိုထူထောင်ခဲ့တာ ကျုပ်စရောက်တဲ့ ၁၃၅၀ ခုနှစ်မှာတော့ အားလုံးပြန်လည်ပြည့်စုံနေပါပီ။ အလယ်ခေါင်က ဗိမာန်ကြီးကလဲပြီးနေပီ။ အဲဒီခေတ်က သိန်း၂၀ကျော် ကုန်တယ်ဆိုတော့ လာကြည့်တဲ့သူတွေလဲ ပေါသတဲ့။ အရံကျောင်းလေးတွေကလဲ နေချင်စရာလေးတွေ ပြည့်နေပီ။ နေချင်စရာဆိုတာ ခေတ်မှီလို့ပြောတာမဟုတ်ဘူး။ ကျုပ်ရောက်တော့ ဆရာတော့်ကိုမတွေ့ရသေးဘူး တစ်လလောက်စောင့်ရတယ်။ ဆရာတော် တရားပွဲတွေကြွနေတာတဲ့လေ။ အဲဒီအချိန်က ဆရာတော်က သက်တော် ၅၀ အရွယ်ဆိုတော့ တရားတွေလှိုင်လှိုင်ဟောလို့ နာမည်သတင်းလှိုင်နေတဲ့အချိန်လေ။ မြန်မာပြည် အထက်ပိုင်းမှာ မသိသူမရှိသလောက်။ ‘‘မန္တလေးမှာတော့ ဦးတိက္ခ ရှိနေသရွေ့ ဒို့ကတော့စိတ်မပူတော့ပါဘူး’’ လို့မဟာစည်ဆရာတော်ကြီးက မိန့်ဖူးပါသတဲ့။ တစ်လလောက်ကြာတော့မှ ဆရာတော်ပြန်ရောက်ပီလို့ သိရတယ်။ ကျောင်းတိုက်မှာရှိတဲ့ ဦးဇင်းတွေ ကိုရင်တွေ သင်္ကန်းကို လက်ကတော့ ထိုးလို့ တန်းစီပီး ဆရာတော် နေ့ခင်းသီတင်းသုံးတဲ့ ‘‘ဒိဝါဋ္ဌာနသာလာ’’ လို့ခေါ်တဲ့ ဇရပ်ဝိုင်းလေးဆီကိုသွားပီး ကန့်တော့ကြတယ်။ အဲဒီအချိန်ကျမှ ကျုပ်လဲ ဆရာတော့်ကို မြင်ဖူးတော့တာဘဲ ခပ်ဝေးဝေးကတည်းက နောက်ကနေ အတန်းကြား ထဲကနေ ခေါင်းလေးစောင်းစောင်းပီး ကြည့်ကြည့်နေတာ မြင်ချင်တာကိုး။ တကယ့် အညာသားကြီးဘဲ ညိုညိုခန့်ခန့်ကြီး။ ဇရပ်လေးပေါ်ရောက်တော့ ဟေးး ရေဝတရေ- ထန်းလျက်ယူခဲ့ဟေ့ လို့ သူ့ကပ္ပိယ ကိုရင်ကို လှမ်းခေါ်လိုက်တော့ ကျုပ်လန့်တောင်သွားတယ်။ အဲဒီအသံမျိုးတခါမှ မကြားဖူးဘူး။ အသံအင်္ဂါ ရှစ်ပါးလုံးနဲ့ မပြည့်ပေမယ့် ၇ပါးတော့ရှိတယ်။ ပဲ့တင်မထပ်တာ တခုဘဲကျန်မယ်ထင်တယ်။ ကျုပ်က ကလေးနားနဲ့ တောကရောက်ခါစ နားထဲမှာ တခြားဘာသံမှမကြားတော့ဘူး။ ဒီနေ့ထိ ကြားနေတုန်းဘဲ အဲဒီအသံကို။ သူ့တပည့်လေးတွေကို ထန်းလျက်ဝေတယ်၊ စာကြိုးစားကြ၊ မဆော့ကြနဲ့၊ ဘုရားဝတ်တတ်မှန်မှန်လိုက်ကြ၊ ရန်မဖြစ်ကြနဲ့၊ စသည်စသည် စုံလို့ ကျုပ်ကတော့ ဘာမှသိပ်မမှတ်မိဘူး။ ကျုပ်ကလေ အသံကြီးကို သဘောကျနေတာကိုးးးး ။ ဒါကတော့ ကျုပ်ဆရာတော်နဲ့ ကျုပ်နဲ့ ပထမဆုံးတွေ့တဲ့ ကျုပ်သာသိတဲ့ မိတ်ဆက်ပွဲလေးပါ။

Thursday, February 4, 2010
အမျိုးဂုဏ်ဆယ်ကြစို့လေး
ခေတ်ဆန်သူ မမတို့
သတိရပေရှာ၊
အဓိက စေတနာငယ်၊
မေကညာခင်ထွေး။
နောင်ကာလ ရှောင်ကြဉ်စရာ၊
သွန်သင်တာ မှတ်တော့ မနှေး။
ကာလဖြင့် ပျက်ချင်ပြီ၊
ဖက်ရှင်တွေ ရှုပ်ထွေး၊
အရှက်တွင် အဟုတ်ဝေးပါပေါ့၊
လှုပ်လှုပ်ကလေး တုံတုံ။
ဖန်ပေါင်းချောင် ရေအတွင်း၊
ရွှေငါးကြင်း လွတ်သည်သို့ကြုံ။
အင်္ကျီက အပါးစုံသည်၊
အသား ပုံဝါဝင်းလို့၊
ကျပ်တင်းတင်း တရားကွာ၊
ခါးက တစ်ထွာ။
မောင်အဘ အားနာလျှင်၊
မှားတာကို ပြင်ကြစို့လေး။
မြန်မာညွန့် ညှိုးမကုန်အောင်
အမျိုးဂုဏ် ဆယ်ကြစို့လေး။ ။
အဓိက စေတနာငယ်၊
မေကညာခင်ထွေး။
နောင်ကာလ ရှောင်ကြဉ်စရာ၊
သွန်သင်တာ မှတ်တော့ မနှေး။
ကာလဖြင့် ပျက်ချင်ပြီ၊
ဖက်ရှင်တွေ ရှုပ်ထွေး၊
အရှက်တွင် အဟုတ်ဝေးပါပေါ့၊
လှုပ်လှုပ်ကလေး တုံတုံ။
ဖန်ပေါင်းချောင် ရေအတွင်း၊
ရွှေငါးကြင်း လွတ်သည်သို့ကြုံ။
အင်္ကျီက အပါးစုံသည်၊
အသား ပုံဝါဝင်းလို့၊
ကျပ်တင်းတင်း တရားကွာ၊
ခါးက တစ်ထွာ။
မောင်အဘ အားနာလျှင်၊
မှားတာကို ပြင်ကြစို့လေး။
မြန်မာညွန့် ညှိုးမကုန်အောင်
အမျိုးဂုဏ် ဆယ်ကြစို့လေး။ ။
Labels:
poem
Wednesday, January 27, 2010
Saturday, January 2, 2010
Saturday, October 10, 2009
သင်သေသွားသော်
သြော် . . . . လူ့ပြည်လောက၊ လူဘ၀တွင်
အိုရနာရ သေရအုံးမည် မှန်ပေသည်တည်း။ ။
သို့ပြီးတကား သင်သေသွားသော်
သင်ဖွားသောပြည် သင်တို့မြေသည်
အခြေတိုးမြင့် ကျန်ကောင်းသင့်၏။ ။ ။
သင်၏မျိုးသား စာစကားလည်း
ကြီးပွါးတိုးမြင့် ကျန်ကောင်းသင့်၏။ ။
သင်ဦးချ၍ အမျှဝေရာ စေတီသာနှင့်
သစ္စာအရောင် ဥာဏ်တန်ဆောင်လည်း
ပြောင်လျက် ၀င်းလျက် ကျန်စေသတည်း။
(ဆရာဇော်ဂျီ)
Labels:
poem
Subscribe to:
Posts (Atom)