ကျွန်ုပ် နှင့် ကျွုန်ုပ်ဆရာတော် ၂ပါး
(အယုဒ္ဓယမြို့ ထိုင်းနိုင်ငံ ရောက်စဉ်က)
ကျုပ်က အညာသားဆိုတော့လဲ အညာလေက
ပျောက်မယ်မထင်။ ကျုပ် မန္တလေးကိုရောက်တော့ ၁၄နှစ်သားပေါ့။ ကျုပ်လေ မန္တလေးကိုလိုက်နေရမယ်
ဆိုတော့ ပျော်လိုက်တာ မိဘတွေနဲ့ဝေးနေရမယ် ဆိုတာကိုတောင် မေ့နေခဲ့တာ။ မန္တလေးက ‘‘တောင်စလင်းတိုက်သစ်ဘာဝနာဋ္ဌာန’’ တဲ့လေ တစ်နိုင်ငံလုံးမှ ဒီနာမည်က ဒီတစ်ကျောင်းဘဲရှိမယ်ထင်တယ်။ ‘‘ဘာဝနာဋ္ဌာန’’ ဆိုတာ သုံးခဲတယ်လေ။ ရိပ်သာ ဆိုတာလောက်ဘဲသုံးကြတာကိုး။ ၁၄ ဧကကျယ်တဲ့ အဲဒီ
ကျောင်းတိုက်ကြီးကို ပြန်လည်တည်ထောင်ဖန်ဆင်း တာက ဆရာတော် ဘဒ္ဒန္တ တိက္ခ (မဟာဓမ္မကထိက ဗဟုဇနဟိတဓရ၊ အဂ္ဂမဟာပဏ္ဍိတ) ဖြစ်တဲ့ ကျွန်ုပ်ရဲ့ ကျေးဇူးရှင်ဖြစ်ပါတယ်၊ မင်းတုန်းမင်းခေတ်က ဆင်ဖြူမရှင်မိဖုရားကြီး လှူထားတဲ့ကျောင်းကြီးလို့ဆိုပါတယ်။ ကျောင်းဝန်းရဲ့အလယ်မှာ
မဟာအောင်မြေဓမ္မဗိမာန်ကြီး ဆောက်ပီးတော့ ပတ်ပတ်လည်မှာတော့ ကျောင်းအရံ ၂၀ တည်ဆောက်ပီး
လှူဒါန်းခဲ့တယ်လို့ဆိုပါတယ်။ အပြင်တံတိုင်း အတွင်းတံတိုင်း နှစ်ထပ်နဲ့ တည်ထောင်ခဲ့တဲ့ ကျောင်းတော်ကြီးကို မဟာဝိဇိတာရာမ လို့နာမည်ပေးခဲ့တယ်လို့ ကျောက်စာအရသိခဲ့ရတယ်။
အဲဒီနောက်တော့ ဘယ်အချိန်က စတင်ပီးပျက်စီးခဲ့တယ်မသိဘူး ယခု ကျွန်ုပ်ရဲ့ ကျေးဇူးတော်ရှင် ဆရာတော်ရဲ့လက်တော်သို့ရောက်တော့ ကျောင်းတော်ကြီးဟာ တောအုပ်ကြီးပမာ ခိုးသားများ သားသတ်များ ကျက်စားရာ လူဆိုးလူမိုက်တို့ ခိုအောင်းရာဖြစ်နေပါတယ်တဲ့။ အဲဒီနေရာကြီးကို မဟာနန္ဒိသေန ဆရာတော်ကြီးက အရှေ့ဝါခင်းကုန်းကျောင်းတိုက် မှာသီတင်းသုံးပြီး စာသင် စာချ တရားဟော တရားပြရင်း သာသနာပြုနေတဲ့ ယခုလက်ရှိ ကျွန်ုပ်တို့ရဲ့ ကျေးဇူးရှင်ဆရာတော်ကို အပ်နှံခဲ့ပါတယ်။ ဘာမှမရှိတဲ့နေရာ ဆိုတာထက် လူရိုး လူခေါင်း နွားရိုး နွားခေါင်းခြောက်တွေနဲ့ပြည့်နေတဲ့ အဲဒီ နေရာကြီးကို ဆရာတော်၏ တူတော်ဖြစ်သော ဘဒ္ဒန္တ နေမိန္ဒ (အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ) အရှင်နဲ့ တွဲဖက်လို့ ထူထောင်လာခဲ့ရတဲ့ အတွက် ကျောင်းတိုက်တော်ကြီးကို ပြန်လည်တည်ထောင်ဖန်ဆင်းသူလို့ ပြောခဲ့တာပါ။
ပြန်လည်ထူထောင်တဲ့နေရာမှာ ခက်ခဲတဲ့ ဖြစ်ရပ်တွေအများကြီး ထူးဆန်းတာတွေကလည်း အများကြီးဘဲ။ ဒါပေမယ့် ဒုတိယလူရဲ့ စကားနဲ့မပြောချင်သေးလို့ နောက်မှဘဲ ပြောပြတော့မယ်။ အဲလိုထူထောင်ခဲ့တာ ကျုပ်စရောက်တဲ့ ၁၃၅၀ ခုနှစ်မှာတော့ အားလုံးပြန်လည်ပြည့်စုံနေပါပီ။ အလယ်ခေါင်က ဗိမာန်ကြီးကလဲပြီးနေပီ။ အဲဒီခေတ်က သိန်း၂၀ကျော် ကုန်တယ်ဆိုတော့ လာကြည့်တဲ့သူတွေလဲ ပေါသတဲ့။ အရံကျောင်းလေးတွေကလဲ နေချင်စရာလေးတွေ ပြည့်နေပီ။ နေချင်စရာဆိုတာ ခေတ်မှီလို့ပြောတာမဟုတ်ဘူး။ ကျုပ်ရောက်တော့ ဆရာတော့်ကိုမတွေ့ရသေးဘူး တစ်လလောက်စောင့်ရတယ်။ ဆရာတော် တရားပွဲတွေကြွနေတာတဲ့လေ။ အဲဒီအချိန်က ဆရာတော်က သက်တော် ၅၀ အရွယ်ဆိုတော့ တရားတွေလှိုင်လှိုင်ဟောလို့ နာမည်သတင်းလှိုင်နေတဲ့အချိန်လေ။ မြန်မာပြည် အထက်ပိုင်းမှာ မသိသူမရှိသလောက်။ ‘‘မန္တလေးမှာတော့ ဦးတိက္ခ ရှိနေသရွေ့ ဒို့ကတော့စိတ်မပူတော့ပါဘူး’’ လို့မဟာစည်ဆရာတော်ကြီးက မိန့်ဖူးပါသတဲ့။ တစ်လလောက်ကြာတော့မှ ဆရာတော်ပြန်ရောက်ပီလို့ သိရတယ်။ ကျောင်းတိုက်မှာရှိတဲ့ ဦးဇင်းတွေ ကိုရင်တွေ သင်္ကန်းကို လက်ကတော့ ထိုးလို့ တန်းစီပီး ဆရာတော် နေ့ခင်းသီတင်းသုံးတဲ့ ‘‘ဒိဝါဋ္ဌာနသာလာ’’ လို့ခေါ်တဲ့ ဇရပ်ဝိုင်းလေးဆီကိုသွားပီး ကန့်တော့ကြတယ်။ အဲဒီအချိန်ကျမှ ကျုပ်လဲ ဆရာတော့်ကို မြင်ဖူးတော့တာဘဲ ခပ်ဝေးဝေးကတည်းက နောက်ကနေ အတန်းကြား ထဲကနေ ခေါင်းလေးစောင်းစောင်းပီး ကြည့်ကြည့်နေတာ မြင်ချင်တာကိုး။ တကယ့် အညာသားကြီးဘဲ ညိုညိုခန့်ခန့်ကြီး။ ဇရပ်လေးပေါ်ရောက်တော့ ဟေးး ရေဝတရေ- ထန်းလျက်ယူခဲ့ဟေ့ လို့ သူ့ကပ္ပိယ ကိုရင်ကို လှမ်းခေါ်လိုက်တော့ ကျုပ်လန့်တောင်သွားတယ်။ အဲဒီအသံမျိုးတခါမှ မကြားဖူးဘူး။ အသံအင်္ဂါ ရှစ်ပါးလုံးနဲ့ မပြည့်ပေမယ့် ၇ပါးတော့ရှိတယ်။ ပဲ့တင်မထပ်တာ တခုဘဲကျန်မယ်ထင်တယ်။ ကျုပ်က ကလေးနားနဲ့ တောကရောက်ခါစ နားထဲမှာ တခြားဘာသံမှမကြားတော့ဘူး။ ဒီနေ့ထိ ကြားနေတုန်းဘဲ အဲဒီအသံကို။ သူ့တပည့်လေးတွေကို ထန်းလျက်ဝေတယ်၊ စာကြိုးစားကြ၊ မဆော့ကြနဲ့၊ ဘုရားဝတ်တတ်မှန်မှန်လိုက်ကြ၊ ရန်မဖြစ်ကြနဲ့၊ စသည်စသည် စုံလို့ ကျုပ်ကတော့ ဘာမှသိပ်မမှတ်မိဘူး။ ကျုပ်ကလေ အသံကြီးကို သဘောကျနေတာကိုးးးး ။ ဒါကတော့ ကျုပ်ဆရာတော်နဲ့ ကျုပ်နဲ့ ပထမဆုံးတွေ့တဲ့ ကျုပ်သာသိတဲ့ မိတ်ဆက်ပွဲလေးပါ။

No comments:
Post a Comment