11, June, 2008
ကျွန်မရဲ့ပင်ကိုယ်သဘာဝက လူအများကို တလေးတစားဆက်ဆံတတ်သလို ကျွန်မအပေါ်မှာ လေးလေးစားစား ဆက်ဆံတာကိုပဲ ကြိုက်တတ်တယ်။ မဆီမဆိုင် လာကြောရင် သည်းခံတတ်လေ့မရှိဘူး။ ချက်ချင်းမတုန့်ပြန်ရင်သာ နေမယ်။ စိတ်ရှည်လက်ရှည်နဲ့ကို လက်တုန့်ပြန်ရမယ့် အချိန်ကို စောင့်လေ့စောင့်ထရှိတတ်တယ်။ တချို့ကတော့ပြောကြတယ်။ လူပုစိတ်တို တဲ့။ အရပ် (၅) ပေမကျော်တဲ့ ကျွန်မအတွက်တော့ မှန်မလားပဲ။ အရာတိုင်းကို အဓိပ္ပာယ်မဲ့ စိတ်တိုနေတတ်သူတော့ မဟုတ်ဘူး။ ကျွန်မစိတ်ဘယ်လောက်ရှည်တယ်ဆိုတာ ကျွန်မစာသင်ပေးဖူးတဲ့လူတိုင်း သိပါတယ်။ ဒါပေမယ့် မဟုတ်တာတွေတွေ့နေရရင်၊ လုပ်ချင်တာတွေလုပ်၊ ပြောချင်တာတွေပြောနေကြရင် အရမ်းစိတ်ဆိုးတာပဲ။ အထူးသဖြင့် လူလူချင်းဆက်ဆံတာမှာ အပေါ်စီးကနေ လာဆက်ဆံတာမျိုးတွေဆိုရင်ပေါ့။
အခုတော့ ဒီလိုစိတ်မျိုးရှိတဲ့ ကျွန်မတယောက် အတော်ကို စိတ်ပျက်စရာကောင်းတဲ့ အခြေအနေကို ရောက်နေရပါတယ်။ ပြန်ပြောချင်တဲ့ စကားတွေကို မပြောရပဲ ရင်ထဲက ဒေါသတွေကို မျိုသိပ်ချနေရတာ အချိန်ကာလတွေလဲ ကြာလှရောပေါ့။
မနေ့ကအဖြစ်အပျက်ဆိုရင်ပဲကြည့်။ ပိတ်ရက်မှာ အစ်မရင်းတယောက်လိုခင်တဲ့ အစ်မကြီးတယောက်ရဲ့ မွေးနေ့ကို သွားဖြစ်တယ်။ တခြားမြို့မှာ နေတာမို့ ရထားနဲ့သွားဖြစ်တယ်။ ခရီးကတိုပေမယ့် ရထား (၃)ကြိမ်ပြောင်းရတယ်။ အဲအပြန်မှာ- ရထားတစီးကို ထပ်ပြောင်းဖို့ စောင့်နေတုန်း နိုင်ငံခြားသား အဖိုးကြီးတယောက်နဲ့ စကားလက်ဆုံကျကြတယ်။ ရာသီဥတုအကြောင်းတွေ၊ တခြားအလုပ်တို့၊ ကျောင်းတို့တွေပြောရင်း ဘာလူမျိုးလဲ မေးတယ်။ မြန်မာလို့လဲ ဖြေရော အလွန်ကို သနားတဲ့ မျက်နှာလေးနဲ့ ဆိုင်ကလုန်းအကြောင်းတွေမေးတယ်။ စကားဆက်ပြောဖြစ်ကြတယ်။ အဲဒီအထိက အားလုံးအိုကေပဲ။ အဲ- သူ့ရထားလဲ လာခါနီးရော ကောက်ခါငင်ခါနဲ့ ပေါင်နှစ်ဆယ်တန်နှစ်ရွက် ထုတ်ပေးပါလေရော။ မြန်မာတွေကို လှူလိုက်ပါတဲ့။ ကျွန်မလက်မခံနိုင်ကြောင်းပြောပြီး၊ ဆိုင်ကလုန်း donation appeal လုပ်နေတဲ့ အင်ဂျီအိုဖုန်းနံပါတ်ကို ပေးလိုက်ရတယ်။ သူကပြောသေးတယ်။ “နင်တို့မြန်မာတွေ တောင်းစားနေရတဲ့ ဘ၀ကိုမြင်ရတာ စိတ်မကောင်းလို့ပါ” တဲ့။ ကဲ- ကောင်းကြသေးလား။ ရထားဘူတာရုံမှာ သူစိမ်းတယောက်က ပိုက်ဆံလာပေးတာကို ခံလိုက်ရတဲ့ဘ၀။
သူ့ကိုဒေါသထွက်တာ မဟုတ်ပေမယ့် ဒေါသထွက်လိုက်တာမှ အရမ်းပဲ။ စစ်အုပ်စုအာဏာရူးတွေကိုလဲ အစိမ်းလိုက်ဝါးစားပစ်ချင်တယ်။ ဒုက္ခသည်ပုံတွေ ဒီလောက်အများကြီးထဲကမှ တောင်းနေတဲ့ပုံတွေကိုပဲ ရွေးပြီး၊ မပြီးနိုင်အောင် ပြနေကြတဲ့ မီဒီယာတွေကိုလဲ ဒေါသထွက်တယ်။ ဒုက္ခဖြစ်နေတဲ့ ပုံနဲ့တင်ပဲ နိုင်ငံတကာက donor တွေက ဘာလုပ်ရမယ်သိပါတယ်။ တောင်းနေတဲ့ပုံတွေကိုပဲ မီးမောင်းထိုးပြစရာမလိုပါဘူး။ လုပ်စရာရှားလွန်းလို့ လမ်းပေါ်ထွက်ပြီး ခွက်တွေကိုင်ပိုက်ဆံတောင်းနေကြတဲ့ ပြည်ပမြန်မာတွေကိုလဲ စိတ်ကုန်မိတယ်။ တနေရာရာမှာ စားပွဲတလုံးချပြီး၊ လှူချင်သူတွေလှူနိုင်တယ်ဆိုပြီး လူစည်ကားရာမှာ လုပ်တာက တမျိုးပေါ့၊ အခုတော့ ပုံတွေလည်ပင်းမှာဆွဲပြီး လမ်းကဖြတ်လျှောက်သူမှန်သမျှ လိုက်တောင်းနေတာက မြန်မာဆိုတာကို ဘယ်လိုမြင်သွားမလဲ။ စေတနာနဲ့အချိန်ပေးနိုင်မှုကို လေးစားပေမယ့် မြန်မာဆိုတာကို ဒီလိုပုံနဲ့တော့ သရုပ်မဖော်သင့်ဘူးပေါ့။
ဒါတွေကို ဒေါသထွက်ရင်းနဲ့ ဒေါသမီးက မျိုသိပ်နားထောင်ခဲ့ရတဲ့ ” နင်တို့မြန်မာတွေ” ဆိုတဲ့ မှတ်ချက်တွေဆီကို ကူးသွားပြန်တယ်။ လန်ဒန်မှာ ဥရောပ ညီလာခံ တခုအတွက် အစည်းအဝေးလုပ်တုန်းကပေါ့။ မြန်မာတွေနဲ့ နိုင်ငံခြားသားတချို့ပါပါတယ်။ အဲဒီပွဲတုန်းက လူတွေသိန်းနဲ့ချီလာကြတာဆိုတော့ (၃)ရက်လုပ်တဲ့ ညီလာခံကြီးဆိုတဲ့ campaign Stoll ဖွင့်ရတာကတမျိုး၊ workshop တွေကျင်းပရတာတမျိုးနဲ့။ အဖွဲ့အစည်းပေါင်းစုံကြားထဲမှာ လုပ်ရတာဆိုတော့ ကိုယ့်မြန်မာ့အရေးကို အဆင့်မှီမှီနဲ့ သပ်သပ်ရပ်ရပ်ဖြစ်စေချင်တာပေါ့။ ဖြစ်ပုံများ အစည်းအဝေးမှာကတည်းက ရွှေမြန်မာများ ပွဲအတွက်အဓိကမပြောကြပဲ၊ နားချိန်မှာ မုန့်ဟင်းခါး ကျွေးဖို့ကိစ္စ အဓိကထားနေကြတယ်။ တယောက်က၀င်လာလိုက်၊ တယောက်ကထထွက်လိုက်နဲ့။ ဆွေးနွေးပါဆိုလဲ ဘာမှဝင်မပြောကြဘူး။ ပွဲကို တွဲဖက်ပြီး co-ordinate လုပ်နေတဲ့ နိုင်ငံခြားသူအမျိုးသမီးကတိုးတိုးလေးမေးတယ်။ ”နင်တို့မြန်မာတွေ အစည်းအဝေးဆိုရင် ဘာလိုနေရမယ်ဆိုတဲ့ ethics ကိုကောသိရဲ့လား“ တဲ့။ မျက်နှာကို ဓားနဲ့လှီးပစ်ချင်စိတ်ကို ပေါက်ခဲ့ဖူးတယ်။
တခါလဲဒီလိုပဲ။ မြန်မာများလုပ်တဲ့ ဆွေးနွေးပွဲတခုကို အဖွဲ့တခုက ရာထူးကြီး အမျိုးသမီးတယောက်ကို ခေါ်သွားမိတယ်။ သူတယောက်ထဲပဲ နိုင်ငံခြားသူဆိုတော့ မြန်မာလိုပဲ ပြောကြပါတယ်။ သူကလဲ ပြုံးပြုံးပြုံးပြုံးနဲ့ပဲ နားထောင်နေရှာပါတယ်။ အဲဒီတုန်းက အဖွဲ့တခုရဲ့ ခေါင်းဆောင်က သူပြောချင်တာတွေပဲပြောပြီးရော၊ ပွဲကပြီးသွားပါလေရော။ အားလုံးကလဲ နားထောင်လိုက်၊ စကားတီးတိုးပြောလိုက်၊ မိုဘိုင်းဖုန်းတွေက ထမြည်လိုက်၊ အပြင်ထွက်ပြီး ဖုန်းဖြေလိုက်၊ ပြန်ဝင်လိုက်နဲ့။ ပြီးလဲပြီးရော၊ ရှမ်းခေါက်ဆွဲစားကြပါလေရော။ သူကအပြန်မှာ ပြုံးစစနဲ့မေးတယ်။ “နင်တို့မြန်မာတွေ၊ meeting နဲ့ briefing ကိုရော ကွဲကွဲပြားပြား သိကြရဲ့လား“ တဲ့။နောက်တခေါက်ကိစ္စများပိုဆိုးတယ်။ မြန်မာပြည်အရေးလုပ်နေတဲ့ နိုင်ငံခြားအဖွဲ့တခုက ပြောသွားတာ။ campaign လုပ်ဖို့ ဆွေးနွေးကြရင်းနဲ့ ဒါရိုက်တာအဆင့်ရှိသူ တယောက်ကပြောတာ။ “ငါထင်တာတော့ နင်တို့မြန်မာတွေကို What is democracy? ကစပြီး သင်တန်းပေးမှရမယ်ထင်တယ်။ ဒီမိုကရေစီရေးသာ လုပ်နေကြတာ။ လွတ်လပ်စွာပြောဆိုခွင့်၊ သဘောထားကွဲလွဲခွင့်ကိုသဘောမပေါက်ကြဘူး။ debate လဲမလုပ်တတ်ကြဘူး။ အရည်မရ၊ အဖတ်မရ ငြင်းခုန်နေကြတာပဲ လုပ်တတ်တယ်” တဲ့။ ‘ useless’ ဆိုတဲ့စကားလုံးကို ထပ်ခါတလဲလဲ သုံးသွားတာနော်။ နှစ်ပေါင်းများစွာမြန်မာတွေနဲ့တွဲလုပ်နေတဲ့ သူ့ကို ပြန်လည်ချေပပြောဆိုဖို့ ကျွန်မဘယ်လို စကားလုံးမျိုး သွားရှာရမလဲ။တခါကျတော့လဲ ညစာစားပွဲတခုမှာ အစိုးရတခုရဲ့ လူကြီးတယောက်နဲ့ စကားလက်ဆုံကျပစ်တယ်။ မြန်မာ့အရေးပြောကြရင်းနဲ့ သူကပြောတယ်။ “ နင်တို့မြန်မာတွေက စီးကရက်မီးညှိသလို နိုင်ငံရေးလုပ်နေကြတယ်။ တရဲရဲဖြစ်လာလိုက်၊ ငြိမ်းသွားလိုက်။ မီးညှိလိုက်ရင် ရဲလာလိုက်နဲ့“ တဲ့။ ကဲ- ကျွန်မဘာပြန်ပြောရမလဲ။
နောက်တခေါက်ကကျတော့ နိုင်ငံခြားမီဒီယာတခုက သတင်းထောက်တယောက်နဲ့။ မြန်မာပြည်အရေးကိစ္စနဲ့ စကားပြောဖြစ်တာ။ သူကလဲ မြန်မာပြည်အရေးကို ကျွမ်းကျင်နေတဲ့၊ မြန်မာတွေနဲ့လက်ပွန်းတတီးနေတဲ့သူတယောက်ပဲ။ တခြားနိုင်ငံက ဒီမိုကရေစီအရေးတွေ ပြောကြရင်းနဲ့ မြန်မာပြည်နဲ့ဆို တချို့နည်းတွေကိုက်နိုင်ကြောင်းပြောတော့ သူက နှုတ်ခမ်းကိုမဲ့ပြီး မဖြစ်နိုင်ကြောင်းပြောတယ်။ “ နင်တို့မြန်မာတွေက ညီမှမညီညွတ်တာ။ ငြါ့ဖင့် သတင်းတခုခုလိုချင်ရင် ဘယ်အဖွဲ့ကို ဆက်သွယ်ရမလဲတောင် မသိတော့ဘူး။ တခြားတော်လှန်ရေးတွေက အဖွဲ့တွေများရင်တောင် command system ရှိတယ်။ alliance ရှိတယ်။ နင်တို့မြန်မာတွေလို မဟုတ်ဘူး“ တဲ့။ ကောင်းကြသေးရဲ့လား အရပ်ကတို့ရေ။
အခုလေဘေးဖြစ်လာပြန်တော့လဲ၊ ကျွန်မမှာ မဆီမဆိုင် နိုင်ငံရေးသိပ္ပံပရော်ဖက်ဆာ တယောက်က ခေါ်တွေ့ပြီး မေးမြန်းတာခံလိုက်ရသေးတယ်။ မြန်မာအရေးအကြောင်း မေးချင်တယ်ဆိုလို့ ကျွန်မမှာ ငါ့ဌာနက ပရော်ဖက်ဆာကြီးက စိတ်ဝင်စားတယ်ဆိုပြီး အပြေးသွားခဲ့ရတာ။ သူမေးလိုက်တဲ့ စကားတခွန်းကို ကျွန်မမှာ ဘာဖြေလို့ဖြေရမှန်းမသိ။ သူမေးလိုက်တာက “နင်တို့မြန်မာတွေ Disaster Relief တို့၊ Humanitarian aid တို့အကြောင်းကို သဘောပေါက်ကြရဲ့လား။ အထဲက စစ်အုပ်စုကလဲ aid ကို intervention လို့ အထင်လွဲနေကြတယ်။ အပြင်က နင်တို့အတိုက်အခံတွေကလဲ Disaster Relief လုပ်ပေးပါလို့ အဓိကမပြောပဲနဲ့ Humanitarian Intervention လို့ ပြောနေကြတယ်။ ဘာလုပ်နေကြတာလဲ။ ဒီနှစ်ခုကို ရောလို့မရဘူးဆိုတာ သဘောမပေါက်ဘူးလား။ သီးခြားဆီလုပ်ရမှာတွေလေ။ နင်တို့မြန်မာတွေက လုပ်ချင်တာလုပ်နေကြတာပဲ“ တဲ့။ ကဲ- ဒီပညာရပ်တွေမှာ specialized လုပ်ထားတဲ့ ပရော်ဖက်ဆာကြီးကို ကျွန်မဘယ်လိုစကားလုံးတွေသုံးပြီး ရှင်းပြရမလဲ။
စိတ်ညစ်တယ်။ တကယ်ပဲ။ ကျွန်မတော့လေ အဲဒီ “နင်တို့မြန်မာတွေ“ ဆိုတဲ့ စကားလုံးကြီးကို ဘယ်နားသွာထားရမယ်မသိအောင်ပဲ ဖြစ်နေမိတယ်။ ကျွန်မလေ၊ ဒီလူတွေကို “ငါတို့မြန်မာဆိုတာ ဒီလိုကွ“ လို့ ပြန်ပြောနိုင်တဲ့အချိန်ကို ရောက်ချင်လိုက်တာ။ ဘယ်တော့များမှ ဒီလိုပြောခွင့် ရရမှာလဲကွယ်။
ခင်မမမျိုး
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment