ဤနေရာတွင် အခြားနေရာများကို ခဏထား၍ မင်းတုန်းမင်း၏ စရိုက်နှင့် စိတ်နေသဘောထားကို ပြောရဦးမည်။မင်းတုန်းမင်းသည်
နောင်တော်နှင့်ဂရိတ် ဗြိတိန်တို့ တိုက်ကြသည့် ဘေးဒုက္ခများလှသော စစ်ပွဲကြောင့် တိုင်းပြည်ဖရိုဖရဲ ဖြစ်နေချိန်တွင် နန်းတက်လာခဲ့သည်။ မြန်မာဧကရာဇ်
နိုင်ငံတော်ဟောင်း၏အ ကြွယ်ဝဆုံးသော ပြည်နယ်ကို နိုင်လိုမင်းထက် လုပ်တတ်ပြီးပရိယာယ်များသော ဒါလဟိုဇီက ယူငင်သွားခဲ့ပြီးပြီ။သူ့နန်းတော်သည်လည်း
စိတ်ရောဂါစွဲကပ်သော ခမည်းတော် သာယာဝတီမင်း၏ ကြောက်မက်ဖွယ် ရက်စက်ရိုင်းပျမှုများကြောင့် ဂုဏ်သရေညှိုးနွမ်းခဲ့လေပြီ။ သို့ ဖြင့် သူ၏
အနာဂတ်သည်အိမ်နီးချင်းဖြစ် သည့် ဗြိတိသျှ (အောက်မြန်မာပြည်အစိုးရ) အပေါ်တွင်သာတည်နေသည်။ ဗြိတိသျှတို့ကလည်း သူ့ကို နန်းမှ ချလိုလျှင်
လက်ဖြင့်အသာဆွဲချလိုက်ရုံသာ ရှိတော့သည်။ သို့ရာတွင် မင်းတုန်းမင်းသည် ဗြိတိသျှတို့နှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံခဲ့သည်။ သူတပါး၏ အသက် ကို
သတ်ခြင်းမှ ရှောင်ကြဉ်ခဲ့သည်။တစ် စိတ်တစ်ပိုင်းသာ ကျန်တော့သည့် သူ့တိုင်းပြည်ကို မြန်မာဘုရင်တို့ လက်ထက်တွင် မရှိဘူးသည့်
စည်ပင်ဝပြောမှုမျိုးရအောင် ဆောင်ရွက်ခဲ့သည်။မင်းတုန်း မင်းတွင် ကြင်နာ သနားတတ်သော စိတ်ရှိကြောင်းကို အများအပြားကပင်
သက်သေခံကြသည်။မင်းတုန်းမင်းက သနားကြင်နာစွာ ဆက်ဆံလေ့ရှိသည့် ဘုန်းတော်ကြီး ဒေါက်တာ မတ်က အထက်မြန်မာပြည်မြို့တော်တွင်
သူနေထိုင်ခဲ့သည့် ၅နှစ်အတွင်း၌ အများပြည်သူတို့ရှေ့တွင် ကွပ်မျက်သည့် ကိစ္စမျိုးကို တစ်ခါမျှ မတွေ့ရဟု သက်သေခံသည်။ ၁၈၆၉ခုနှစ်တွင် သာသနာကို
ပြစ်မှားစော်ကားသည်ဟု ဆိုကာ (ဓာတ်ပုံဆရာ) ဦးပိုကို တံကျင်လျှို၍ ကွပ်မျက်ခဲ့သည့် ကိစ္စ ဖြစ်ခဲ့သည်။ထိုစဉ်ဗြိတိသျှ သံကိုယ်စားလှယ် ဆာဂျွန်လောရင့်စ်က
ထိုပြစ်ဒဏ်အတွက် ၀မ်းနည်း၍ ထိုအပြစ်မျိုးက်ု စက်ဆုပ်ကြောင်း ဘုရင်ထံသို့ အကြောင်းကြားသည်။ မင်းတုန်းမင်းသည် ထိုဝေဖန်ချက်အတွက် တော်တော်
စိတ်ထိခိုက်ဟန်ရှိသည်။ ကျွန်ုပ်နှင့် နှစ်ဦးချင်း စကားပြောဆိုသည့် အခါတိုင်းထိုကိ စ္စကို မကြာခဏ ရည်ညွှန်းပြောဆိုလျှက်ရှိသည်ဟု ဒေါက်တာ မတ်က
ရေးခဲ့သည်။
မင်းတုန်းမင်းသည် သနားကြင်နာတတ်သည်။ ဘာသာတရားကိုင်းရှိုင်းသည်။တစ်ခါတစ်ရံတွင် မင်းတုန်းမင်း၏ ရက်ရော သဘောထားကြီးမှု့သည်
အဆုံးစွန်သို့ပင် ရောက်သွားတတ်သည်။ မင်းတုန်းမင်းနှင့် မကွေးမိဖုရားတို့ လမ်းခွဲကြပုံနှင့် ပတ်သက်၍ ပုံပြင်ဟောင်းတစ်ခုရှိသည်။ ထိုပုံပြင်မှာ ရယ်စရာပင်
ကောင်းနေသည်။ မင်းတုန်းမင်းရှေ့တော်မှောက်သို့ ၀င်ရောက်ခစားကာ မိမိနှစ်သက်သော သူကို လက်ထပ်ခွင့်ပြုရန်တောင်းသည်။ မကွေး မိဖုရားနှင့်
လက်ထပ်မည့်သူမှာ ဧရာဝတီ မြစ်ရိုးတစ်လျှောက်တွင် ရောင်းဝယ်ဖောက်ကားနေသည့် ကုန်သည်တစ်ယောက်ဖြစ်ပြီး မကွေးမိဖုရားနှင့် ငယ်စဉ်တောင်ကျေးက
ချစ်ခင်နှစ်သက်ခဲ့သူဖြစ်သည်။
မင်းတုန်းမင်းက အလွယ်တကူသဘောတူလိုက်သဖြင့် နန်းတော်တစ်ခုလုံး အံ့သြကြရသည်။
“ငါသည် ဘွဲ့မည်ရည်၊ပိုက်ဆံကြေးငွေ နှင့် လယ်ယာတို့ကိုယခင်က စွန့်လွှတ်ခဲ့ဖူးပြီ။ရှေးက မလုပ်ဖူးသော စွန့်လွှတ်မှုမျိုးကို လုပ်နိုင်ရန်အတွက် ငါ့ကို
လမ်းပြရန်မှာ မကွေးမိဖုရား၏ တာဝန်သာ ဖြစ်သည်။သူ့ဆန္ဒကို ငါ သဘောတူတော်မူသည်”ဟု ပြောခဲ့သည်။
ညနေညီလာခံဝင်ချိန်တွင် မင်းတုန်းမင်းက မကွေးမိဖုရား၏ မွေးစားဖခင် မန္တလေး မြို့ဝန်ကို ခေါ်၍ “မောင်မင်းဟာ မကွေးမိဖုရားရဲ့ မွေးသဖခင်ပဲ။ငါ့ရဲ့
ပြိုင်ဘက်ထံ မကွေးမိဖုရားကို ပေးလိုက်တဲ့အတွက် မောင်မင်းလည်းငါနဲ့ အတူ ကုသိုလ်ယူသင့်တယ်”ဟု မိန့်သည်။
မန္တလေးမြို့ဝန်မှာ ထိုသို့ ခွင့်လွှတ်သည့် သဘောမရှိ။မကွေးမိဖုရားသည် မိုက်လည်း မိုက်မဲ၍သစ္စာဖောက်ရာလည်း ရောက်သည့် ပြစ်မူကို ကျုးလွန်သူဟု
မြင်သည်။
“မှန်လှပါ၊မကွေးမိဖုရားသည် သေစားသေခံထိုက်သူ ဖြစ်ပါသည်ဘုရား။အရှင်ခွင့်ပြုလျှင် ကျွန်တော်မျိုးကိုယ်တိုင် သူ့ကိုသတ်ပါမည်ဘုရား” ဟု
လျှောက်တင်သည်။
သို့ရာတွင် မင်းတုန်းမင်းသည် သူ့စကားကို မဖျက်။ စိတ်ကူးယဉ်သည့် မကွေးမိဖုရားအား အေးချမ်းစွာနေခွင့်ပေးသည်။မကွေးမိဖုရားသည် အသက် ၄၀
ရှိပြီဖြစ်ရုံမက မင်းတုန်းမင်းတွင်လည်း မိဖုရားကိုယ်လုပ်တော် အများအပြားရှိသဖြင့် ထိုသို့ အလွယ်တကူ စွန့်လွှတ်ခြင်းဖြစ်သည်ဟု အပြောင်အပြက် ပြောသူများ
ပြောကောင်းပြောကြလိမ့်မည်။ သို့ရာတွင် ထိုအဖြစ်အပျက်သည် မင်းတုန်းမင်း၏ စိတ်နှလုံးကောင်းရှိခြင်းနှင့် ကြင်နာသနားတတ်သော အဖြစ်အပျက်ကို
ဖော်ပြနေသည့် အဖြစ်အပျက်တစ်ခုဖြစ်သည်။မိမိ၏ဗြိတိသျှ အိမ်နီးချင်းများနှင့် ငြိမ်းချမ်းစွာနေလိုသော ဆန္ဒရှြိော့င်းကိုလည်း မင်းတုန်းမင်းသည်
အထောက်အထားများစွာပြခဲ့သည်။ မင်းတုန်းမင်းသည် ပဲခူးကို သိမ်းပိုက်ခြင်းနှင့် ပတ်သက်၍ မည်သည့်အခါကမျှ တရားဝင်အသိအမှတ်ပြုခြင်းမရှိခဲ့။မည်သည့်
စာချုပ်ကိုမျှ ချုပ်ဆိုခြင်းမပြုခဲ့။တစ်ခါတုန်းက မြန်မာဘုရင်တစ်ပါးသည် တရုပ်တို့၏ ကျုးကျော်မှုကြောင့် ထွက်ပြေးခဲ့ဖူးသည်။ထို့ကြောင့် ယနေ့တိုင်
“တရုတ်ပြေးမင်း” ဟူသည့်အမည်ဖြင့် သိကြသည်။မြန်မာတို့သည် အပြောင်အပျက်နာမည်ပေးတတ်သည့် လူမျိုးဖြစ်သည်။မင်းတုန်းမင်းသည် “ပဲခူးကိုလက်မှတ်
ထိုး၍အပ်လိုက်သူ”အဖြစ် ရာဇ၀င်တွင် စာတင်ခံရမည်ကိုကြောက်သည်။လက်မှတ်ထိုးရန် ဗြိတိသျှ သံကိုယ်စားလှယ်က တိုက်တွန်းသည့်တိုင် ၀န်ကြီးများက
သဘောတူရန် အကြံပေးကြသည်ံတိုင် မင်းတုန်းမင်သည် လိုက်လျှောခြင်းမပြု။
“သည်ကိစ္စလို အရေးကြီးတဲ့ ကိစ္စမျိုးမှာ ငါကတခြားသူတွေထက် သတိထားမှ ဖြစ်မှာပေါ့။ငါ့နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့ ငါ့မှာတာဝန်ရှိတယ်”
ဟု ပြောဖူးသည်။
သို့ရာတွင် ထိုအချက်မှ လွဲလျှင် မင်းတုန်းမင်းသည်ြေိတိသျှတို့နှင့် ရင်းနှီးချစ်ကြည်စွာနေလိုသည်ကို ပြခဲ့သည်။ သူသည် ယခင်က မြန်မာမင်းတို့
တစ်ခါမျှ ပေးဖူးခြင်းမရှိသော သက်ညှာမှုမျိုးဖြင့် ဗြိတိသျှ သံကိုယ်စားလှယ်အဖွဲ့ကို ကြိုဆိုခဲ့သည်။ ထိုကိုယ်စားလှယ်အဖွဲများနှင့်တွေ့ဆုံရာတွင် သူပြောသည့်
စကားများသည် တစ်ဦးနှင့်တစ်ဦး အထင်မှားမှုကြောင့် မည်သို့သောဆိုးပြစ်များ ပေါ်ပေါက်လာတတ်ကြောင်းစသည့်အကြောင်းများဖြစ်သည်။မင်းတုန်းမင်း
သည် ထိုသဘောထားများနှင့် အညီလည်းနေထိုင်ကျင့်ကြံခဲ့သည်။
မင်းတုန်းမင်းသည် သူ၏ကျမ်းဂန်တတ်မြောက်မှု၊ဘာသာတရားကိုင်းရှိုင်းမူတို့အတွက် ဂုဏ်ယူတတ်သည်။ဗြိတိသျှ သံကိုယ်စားလှယ်များနှင့် စကား
ပြောရာတွင် မင်းတုန်းမင်းသည် ဗုဒ္ဓစာပေတို့ကို သူတတ်ကြွမ်းကြောင်း။လူ့သဘာဝနှင့် ပတ်သက်၍ များစွာနားလည်ခြင်းမရှိကြောင်းတို့တို့ကို မကြာခဏ
ထုတ်ဖော်ပြောဆိုတတ်သည်။သူ၏ငြိမ်းချမ်း၍ လေးစားဂုဏ်ပြုဖွယ်ကောင်းသော ဘ၀တစ်သက်တာတွင် ပဉ္စမသံင်္ဂါယနာတင် မင်းတရားဆိုသည့် အမည်လောက်
သူခုံမင်မြတ်နိုးသော ဘွဲ့မည်ရည်မျိုးဆို၍ တစ်ခုမျှရှိမည်မထင်။ထိုဘွဲ့မည်ရည်သည် သာသနာ့ဒါယကာ အာသောကမင်းကြီး၏ စိတ်ဓာတ်အမွေကို
ဆက်ခံသူဆိုသည့် အမည်များကိုရရှိစေခဲ့သည်။သူ၏မိဖုရားများ၊သားတော် သမီးတော်များ၊တိုင်းသူပြည်သားများကို ကြင်နာသနားခြင်း အရာတွင်လည်းသက်သေ
အထောက်အထားတွေ တစ်ပုံတစ်ပင်ရှိ၏်။
သူ၏အကောင်းဆုံးပြည်နယ်ကို ဆုံးရှုံးလိုက်သည့်အခါ မင်းတုန်းမင်းသည် သူ၏ ဘဏ္ဍာတိုက်ကို ဖြည့်တင်းရန်အတွက် တခြားသောနည်းလမ်းများကို ရှာ
ကြံလာခဲ့ရသည်။ မင်းတုန်းမင်းသည် နိုင်ငံတော် လက်ဝါးကြီးအုပ် စီးပွားရေးစနစ်ကို စဉ်းစားလာခဲ့ရကာ သူ့နိုင်ငံတော်ထဲတွင်အကြီးဆုံးကုန်သည်ကြီးဖြစ်လာ
ခဲ့ရသည်။ ထိုကိစ္စများကို စီမံခန့်ခွဲသည့် ကိစ္စနှင့် ၀န်ကြီးများ၊မိမိအပေါ်တွင်ရှိသည့် အခြားသူများနှင့် ဆက်ဆံရေးကိစ္စများတွင် မင်းတုန်းမင်းသည်
ကျွမ်းကျင်ပါးနပ်မှုများနှင့် အမြှော်အမျှင်ရှိမှုတို့ကို ပြသခဲ့သည်။ချုပ်၍ပြောရလျှင် မင်းတုန်းမင်းသည် ထိုခေတ်ကမြန်မာ့ယဉ်ကျေးမှုက ထုတ်လုပ်ပေးနိုင်ခဲ့သော
လူကောင်းတစ်ယောက်နှင့် မင်းကောင်းတစ်ပါးဖြစ်သည်။သူ့တိုင်းပြည်၏ မည်းမှောင်အုံ့မှိုင်းသော သမိုင်းတစ်လျှောက်တွင် မင်းတုန်းမင်း၏ ဘ၀မှတ်တမ်းများကို
ပြန်ကြည့်ရခြင်းသည် စိတ်ချမ်းမြေ့ဖွယ်ကောင်းသည်။ မင်းတုန်းမင်း၏ ကောင်းမြတ်သော စေတနာ၊ချစ်ကြည်ရေးနှင့် ငြိမ်းချမ်းရေးတို့ကို လိုလားသည့် သူ့ဆန္ဒ၊
သူ့သားသမီးများ၏ ဘ၀သာယာရေးအတွက် သူ့မျှော်လင့်ချက်တို့သည် ရည်မှန်းချက်အတိုင်း အကောင်အထည်ပေါ်မလာခဲ့သူအုပ်စိုးမှုသည် အပျက်အစီး၊
အဆုံးအရှုံးလှိုင်းလုံးကြီးများထဲမှ တိုတောင်းသော ကြားကာလ လေးသာဖြစ်သည်။ သူနတ်ရွာစံပြီး ၇နှစ် အတွင်း၌မူ သူ့မင်းဆက်သည် အဆုံးသတ်ခဲ့လေပြီ။သူ့
နိုင်ငံတော်သည် လွတ်လပ်သော နိုင်ငံများစာရင်းမှ ပယ်ဖျက်ခံခဲ့ရလေပြီ။
မင်းတုန်းမင်း၏ ဈာပန ပြီးသည့်နောက်တစ်နေ့တွင် သီပေါအား မင်းအဖြစ်ကြေငြာခဲ့သည်။၅ လကြာသည့်အခါတွင်မူ သူ့ကို စိုးမိုးခြယ်လှယ်နေသည့်မိန်း
မများကြောင့် မိမိ၏ နောင်တော် ၊ညီတော်များ၊ အစ်မတော်၊ညီမတော်များနှင့်ပတ်သက်၍ အကောင်းဆုံးရွေးချယ်နိုင် လုပ်နိုင်သည့် နည်းလမ်းမှာ ယင်းတို့ကို
ကွပ်မျက်သုတ်သင်သည့် နည်းပင်ဖြစ်သည်ဟု သီပေါဆုံးဖြတ်လိုက်သည်။
ဆွေတော်မျိုးတော်တို့ကို ကွပ်မျက်စီရင်ခြင်းကြောင့် မြန်မာပြည်တစ်ဝန်းလုံးတွင် အထိတ်တလန့်ဖြစ်သွားခဲ့သည်။ထိုအတိုင်းလည်းဖြစ်ရမည်သာ
ဖြစ်သည်။ သို့ရာတွင် မြန်မာလူမျိုးတို့နှင့် စကားပြောရသူ တစ်ယောက်အဖို့၊မြန်မာဘုရင်လက်ထက်က အပျိုတော်အဖြစ်အမှုထမ်းခဲ့သော အမျိုးသမီးများအဖို့
လက်ရှိအစိုးရထံတွင် အမှုထမ်းနေသည့် အရာရှိများအဖို့၊ပုဂ္ဂိုလ်အချို့အဖို့ကား ထိုအကြောင်းနှင့် ပတ်သက်၍ ပြောပြရာတွင် ဘုရင်၏ရက်စက်ကြမ်းကြုတ်မှုကို
ထိတ်လန့်ကြောက်ရွံ့သည့် လက္ခဏာကို မတွေ့ရ။
ဆွေတော်မျိုးတော်တို့ အရေးတော်ပုံပြီးသည့်နောက်၌ ညံ့ဖျဉ်းသော အုပ်စိုးမှုနှစ်ကာလများရှိခဲ့သည်။နေ့ရက်တွေ ကုန်လွန်လာသည်နှင့်အမျှ ဘုရင်၏
အားနည်းချက်နှင့် အရည်အချင်းပြည့်ဝမှုတို့သည် ထင်ရှားသည်ထက် ထင်ရှားလာခဲ့သည်။နန်းတော်ထဲတွင် ၀မ်းနည်းစရာပြဇာတ်တစ်ခုကပြနေသကဲ့သို့
ရှိသည်။ ထိုပြဇာတ်၏ အချုပ်မှာ မိဖုရား၏ မနာလို ၀န်တိုမှုနှင့် မိမိ၏ကြင်ရာတော်အား အခြားမည်သည့် မိန်းမမျှ သြဇာလွှမ်းမိုးခြင်းမပြုနိုင်အောင် တားဆီး
လိုသည့် ပိုင်းဖြတ်ချက်ဖြစ်သည်။ ထိုကာလအတောအတွင်း နန်းတော်ထဲမှ အကြောင်းအရာ အသးစိတ်တို့နှင့် ပတ်သက်သည့် အထောက်အထားများမှာလည်း
ပေါများလှသည်။ အချစ်ဇာတ်လမ်းရောစွက်နေသော အိမ်တွင်းဇာတ်လမ်းကလေးများသည် မြန်မာ့ မှတ်တမ်းဆရာတို့အဖို့ ရေး၍ကုန်နိုင်ဖွယ်မရှိ အစတွင်ဘုရင်
ကို ချစ်ခင်စုံမက်ခဲ့ဟန်တူသည့် စိတ်ဓာတ်ပြင်းထန်သော အမျိုးသမီးနှင့် သူ့စရိုက်နှင့် အညီ စိတ်ဓာတ်ပျော့ညံ့သော ကြင်ရာတော်တို့အကြားမှ အမျိုးမျိုးသော
ပဋိပက္ခတို့နှင့် ပတ်သက်၍လည်း အတော်အတန်ပြည့်စုံသည့် မှတ်တမ်းအထောက်အထားတွေ့ရှိသည်။မန္တလေးနှင့် ဧရာဝတီမြစ်တစ်ရိုးတွင် ခရီးသွားနေသူတစ်
ယောက်အဖို့ မန္တလေးနန်းတွင်းမှ အကောက်ကြံမှုများ၊မနာလို ၀န်တိုမှုများနှင့် ပတ်သက်သည့် ထူးဆန်းသော ပုံပြင်များကို ယခုတိုင်ကြားနေရသေးသည်။ မိမိအ
ပေါ်တွင် ချုပ်ချယ်ထားသော ကန့်သန့်ချက်များမှ ရုန်းထွက်ရန် ကြိုးစားတိုင်း မုန်တိုင်းပမာ ဆူညံပြင်းထန်သော အဖြစ်အပျက်များပေါ်ပေါက်လာတတ်သည့်အ
ကြောင်းများကို ယခုတိုင်ကြားနေရဆဲဖြစ်သည်။
ရှေးအစဉ်အလာထုံးစံအရ ဘုရင်သည် မိမိကြိုက်သလောက် မောင်းမ ကိုယ်လုပ်တော်များ ထားနိုင်သည်။ မိဖုရားလေးပါးတင်မြှောက်နိုင်သည်။ သီပေါမင်းသည်
စုဖုရားလတ်၊စုဖုရားကြီးနှင့် စုလျားရစ်ပတ် လက်ထပ်သည်။စုဖုရားကြီးမှာ အမကြီးဖြစ်သဖြင့် သူ့ကို မိဖုရားခေါင်ကြီးအဖြစ် တင်မြှောက်သည်။စုဖုရားကြီးအား
ဖယ်ထုတ်ရန်နှင့် သူ့အားအမည်ခံမိဖုရားခေါင်ကြီးအဖြစ်သာ ထားရန်မှာ စုဖုရားလတ်၏ ပထမဆုံးသောအလုပ်ဖြစ်သည်။စုဖုရားကြီးမှာ ရုပ်ရည်ချောမောသူ
မဟုတ်သဖြစ် ထိုကိစ္စကို အခက်အခဲမရှိလုပ်နိုင်ခဲ့ပါသည်။တစ်ညနေတွင် ဧရာဝတီမြစ်တစ်ဖက်ကမ်းရှိ မန်ကျည်းပင်ရိပ်တို့ အုံ့ဆိုင်းနေသော စကိုင်းသို့ရောက်
သွားသည်ဆိုလျှင် စုဘုရားလတ်၏ အမိန့်ဖြင့် စုဖုရားကြီး၏ နိုကထိန်းနှင့် အပျိုတော်တို့ အကျဉ်းထောင်ထဲတွင် တဖြည်းဖြည်း ငတ်မွတ်သေဆုံးသွားရပုံကို
ယခုတိုင်ကြားရသေးသည်။
စုဖုရားလတ်အဖို့ ထို့ထက်ခက်ခဲသော အလုပ်တစ်ခုပေါ်လာခဲ့သည်။ယင်းမှာ အခြားမဟုတ် သီပေါက “မိခင်ကြီး” အမည်ရှိလှပချောမောသော မိန်းခလေး
တစ်ယောက်ကို ချစ်ခင်စုံမက်သောကြောင့်ဖြစ်သည်။ မိခင်ကြီးသည် ၀န်ကြီးတစ်ပါး၏ မြေးဖြစ်ပြီး သီပေါမင်းနှင့် ဆုဖုရားလတ်တို့မှ ဖွားမြင်သော ကလေးငယ်ကို
ပြုစုထိမ်းသိမ်းရသည့် အပျိုတော်ဖြစ်သည်။သီပေါမင်းနှင့် မိခင်ကြီး (ဒိုင်းခင်ခင်) တို့အကြောင်းကို တစ်ကြိမ်မကပြောခဲ့ကြလေပြီ။အတိုချုပ်ပြောရလျင်မိခင်ကြီး
သည် သူ့ပြိုင်ဘက်၏ အမုန်းနှင့် သူ့ချစ်သူသီပေါမင်း၏ပျော့ညံ့မှုတို့၏ သားကောင်အဖြစ် ကျရောက်ခဲ့ရသည်။ သီပေါမင်း၏ ဘ၀တွင်ထိုအဖြစ်အပျက်ထက်
ဂုဏ်သိက္ခာညှိုးနွမ်းစေမည့် အဖြစ်အပျက်ရှိမည်မထင်။ ထိုအဖြစ်အပျက်ကိုကြည့်၍ သီပေါမင်းသည် စိတ်ဓာတ်ပျော့ညံ့လွန်းသူအဖြစ်ထင်ရှားလာခဲ့သည်။သူ့
မင်းဆက်နှင့် ရာဇပလ္လင်ကို ဆုံးရှုံးခဲ့ရသည့် အဖြစ်အပျက်များအတွက် စိတ်မကောင်ဖြစ်သူတို့ကပင် ထိုအဖြစ်အပျက်ကြောင့် သီပေါအပေါ်တွင် စာနာမှု
ကင်းသွားခဲ့ကြသည်။ယခအချိန်တွင် မိဖုရားခေါင်ကြီးသည် သီပေါမင်းအပေါ်တွင်လုံးဝ အသာစီးရသွားလေပြီ။စိတ်ဓာတ်ခိုင်မာမှုပျက်သားမှုတို့ကြောင့်
စုဖုရားလတ် သည် နိုင်ငံတော်ကိစ္စများတွင် ခေါင်းဆောင်အပိုင်းမှ ပါဝင်သွားခဲ့သည်။
နန်းတော်အပြင်ဘက်တွင်မူ ဘုရင်၏ အာဏာသည် ယိုယွင်းကျဆင်းနေလေပြီ။လူဆိုးဂိုဏ်များသည် တိုင်းပြည်တစ်ဝန်းတွင်လုယက်သောင်းကျန်းလျက်ရှိ
ကာမန္တလေးမြို့နှင့် မိုင်အနည်းငယ်ကွာအထိ ရောက်လာခဲ့ကြသည်။တရုတ်လူဆိုးဂိုဏ်းများကလည်း ဗန်းမော်ကိုဝင်သိမ်းကြသည်။အခွန်တော်များသည်လည်းခ
မည်းတော် မင်းတုန်းမင်းလက်ထက်ကကဲ့သို့ မှန်မှန်မရတော့။ဘုရင်၏ဘ္ဌာတိုက်သည် မကြာခဏဆိုသလို ဟာလာဟင်းလင်းဖြစ်နေတတ်သည်။ မြန်မာပြည်နှင့်
အင်္ဂလန်တို့၏ နိုင်ငံရေးဆက်ဆံမှုမှာလည်း ဆိုးရွားလာခဲ့သည်။သီပေါမင်းနန်းတက်ပြီး တစ်နှစ်အတွင်း၌ပင် ဗြိတိသျှသံကိုယ်စားလှယ်သည် မန္တလေးထီးနန်းမှ
ရုပ်သိမ်းလာခဲ့သည်။
၁၈၈၀ပြည့်နှစ်တွင် မြန်မာ့ ထီးနန်းကအိန္ဒိယဘုရင်ခံချုပ်ထံကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို စေလွှတ်ခဲ့သည်။သို့ရာတွင် ဗြိတသျှပိုင်နယ်စပ်ဖြစ်သော
သရက်မြို့ထက် ကျော်၍သွားခွင့်မရခဲ့။ကာလကတ္တားသို့ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ စေလွှတ်ရန်အတွက်လည်းကောင်း၊မန္တလေးတွင် အမြဲတမ်း
လိုလိုရိုင်းပျစွာ ဆက်ဆံပြုမှုခြင်းခံရသည့်အတွက် အိန္ဒိယအစိုးရအနေဖြင့် မြန်မာဘုရင် ယူဆသကဲ့သို့ ကိုယ်စားလှယ်အဖွဲ့ကို ချစ်ကြည်စွာနှင့် ဂုဏ်သရေရှိစွာ
ကြိုဆို လက်ခံရန်အတွက်လည်းကောင်း အချိန်အခါ ကိုက်ညီခြင်း မရှိသေးဟု ဗြိတိသျှ အစိုးရက ယူဆသည်။
အမှန်အားဖြင့် မြန်မာ့ထီးနန်းသည် ဂရိတ်ဗြိတိန်နှင့် မိတ်ဆွေဖြစ်ဆက်ဆံရေးကို တကယ်လိုလားသည်မဟုတ်။မြန်မာ့ထီးနန်းသည် စေ့စပ်ဖျန်ဖြေရေး၏
အခြေခံအဖြစ် တစ်ခုတည်းသော နည်းလမ်းဖြစ်သည့် လျှော့ပေါ့ချက်များကို ပြုလုပ်ရန် မာနကြီးလွန်းပြီး အားနည်းလွန်းနေပြီ။ မန္တလေးထီးနန်း၏ သယံဇာတ
ရင်းမြစ်များသည် ယင်း၏ ဟန်ဆောင်ပလွှားမှု့ကို အထောက်အကူပေးရန် ခေါင်းပါးလွန်းနေသည်။ ထိုသို့သော အခြေအနေမျိုးတွင် မန္တလေးအဖို့အန္တရယ်များ
သည့် တစ်ခုတည်းသော နည်းလမ်းသာလျှင် ကျန်တော့သည်။ မန္တလေးသည် ထိုနည်းလမ်းကို ကမှုးရှုးထိုးဖြင့် ရွေးချယ်ခဲ့သည်။ ယင်းမှာ မိမိကိုယ်မိမိ ပြင်သစ်၏
လက်သို့ ထိုးအပ်သည့် လမ်းဖြစ်သည်။
ပြဿနာမှာ ရှင်းသွားလေပြီ။ဗြိတိသျှတို့ဘက်မှ ကြည့်လျှင် ဆုံးဖြတ်ရန် တစ်ခုသာကျန်တော့သည်။ ဧရာဝတီနှင့် တရုတ်ပြည်နှင့် မြန်မာပြည်အကြားရှိ
အခြားသော နယ်မြေအားလုံး၊အခြားတစ်ဖက်တွင် အိန္ဒိယနှင့် မြန်မာတို့၏အကြား နယ်မြေအားလုံးရှိကုန်သွယ်မှုကို စိုးမိုးချုပ်ကိုင်မည့် ဥရောပပြိုင်ဘက်တစ်ဦး
ေါ့်ပေါက်လာခြင်းသည် နောင်တွင်ကြီးလေးသော ရှုပ်ထွေးမှုများကိုသာ ပေါ်ပေါက်လာစေလိမ့်မည်။ ထို့ကြောင့် သူ၏နိုင်ငံခြားဆက်သွယ်မှု ကိစ္စ အ၀၀ကို
ဂရိတ်ဗြိတိန် လက်အောက်သို့ လွှဲပေးရန် သီပေါမင်းကို အကြောင်းကြားခဲ့သည်။
ရလဒ်မှာ စစ်ပွဲဖြစ်သည်။
၁၈၈၅ခု နိုဝင်ဘာလ ၄ ရက်နေ့တွင် ဗြိတိသျှစစ်တပ်သည် နယ်စပ်ကို ဖြတ်ကျော်ခဲ့သည်။ ဒီဇင်ဘာလ ၄ ရက်နေ့တွင် သီပေါမင်းသည်
ရှည်လျားလှသော ပြည်နှင်ဒဏ်ကို ခံရန်အတွက် အကျဉ်းသားအဖြစ် စုန်ဆင်းလာခဲ့သည်။ယခုတိုင်လည်း အကျဉ်းသားအဖြစ် ဆက်လက်တည်ရှိနေသေးသည်။
နောက်ဆုံးအချိန်ထိ သီပေါသည် စိတ်ဓာတ်ပျော့ညံ့၍ ကြောက်တတ်သောလူတစ်ယောက်၏ စရိုက်ဖြစ်သည့် တွေဝေယိမ်းယိုင်မှုကို ပြသွားခဲ့သည်။
သီပေါမင်းသည် စိတ်ဓာတ်ပျော့ညံ့သူဖြစ်ပြီး တိုင်းပြည်ကို အုပ်ချုပ်နိုင်သော အရည်အချင်းမရှိကြောင်း၊ သို့ရာတွင် သီပေါမင်းသည်ရက်စက်ကြမ်း
ကြုတ်ခြင်း မရှိကြောင်း၊ စိတ်ထားမဆိုးယုတ်ခြင်း မရှိကြောင်းဖြင့် မြန်မာပြည်တွင် ပြောကြသည်။
ထိုမျှမက သီပေါသည် စိတ်သဘောထားကောင်းသူ၊ကြင်နာတတ်သူ၊စာပေကျမ်းးဂန် အတော်အတန် နှံစပ်သူဟုလည်းယူဆကြသည်။သူသည်
ဘုန်းတော်ကြီးကျောင်းတွင် ကြီးပြင်းခဲ့ပြီးနောက် ခမည်းတော် မင်းတုန်းမင်းကြီးကိုယ်တိုင်က ဘုရားရှိခိုးကျောင်းတစ်ကျောင်း ဆောက်လုပ်ပေးခဲ့သော ခရစ်ယာန်
သာသနာပြု ဒေါက်တာမတ်၏ ကျောင်းတွင် တစ်နှစ် စာသင်ခဲ့ဖူးသည်။ အသက် (၁၉) (၂၀) အရွယ်တွင် ကမ္ဘာ့လောကကြီး အကြောင်းကို နားလည်ခြင်းမရှိဘဲသူ့
တိုင်းပြည်၏ သမိုင်းတွင် ခက်ခဲသည့်ကာလတစ်ခု၌ ခက်ခဲသည့်ရာဇပလ္လင် ပေါ်သို့ တက်ခဲ့ရသည်။ သဘာဝကြီးသည် သီပေါအား တောင့်တင်းကြံ့ခိုင်သော
ခန္ဓာကိုယ်နှင့် ခန့်ညားသည့်မျက်နှာတစ်ခုကို ပေးခဲ့သည်။ သူဖြတ်သန်းရသည့် ပင်လယ်ခရီးကို ကျော်လွှားနိုင်မည့် စိတ်ဓာတ်မျိုးကိုမူ သူ့အားမပေးခဲ့။
စုဖုရားလတ်မှာ ရှုးသွပ်မတတ် မနာလိုဝန်တိုအားကြီးကြောင်းဖြင့် ပြောကြသည်။ ထိုစကားသည် ဖြစ်နိုင်ဖွယ်ရှိသည်။ သီပေါမင်းနှင့် စုလျားရစ်ပတ်စဉ်
က စုဖုရားလတ်သည် တောင်ပနက်မှောင်သော မျက်လုံးများဖြင့် လှပချောမောသော မိန်းမပျိုတစ်ယောက်ဖြစ်သည်။ သူ့တွင်အခြားချို့ယွင်းချက်များရှိသည့်တိုင်
သူ့အပျိုတော်များနှင့် သနားကြင်နာလိုသူများအားလုံး စွဲမက်စေသည့် ညှို့ဓာတ်ရှိသည်။ စိတ်ဓာတ်မှာပြင်းထန်ပြီး အမျက်စောင်မာန်ကြီးလွန်းသည်။စုဖုရားလတ်
သည် ချစ်တတ်သော မိန်းမတစ်ယောက်ဖြစ်သည်ဆိုသည့် အချက်ကို သံသယဖြစ်သူမှာ တစ်ယောက်မျှ ရှိမည်မထင်။စုဘုရားလတ်သည် ဣနြေ္ဒသိက္ခာကြီးစွာဖြင့်
နေထိုင်တတ်သည်။သူနှင့်သိကျွမ်းသူများ၏ အဆိုအရ အနီးတွင် စုဖုရားလတ်ရှိနေခြင်းသည်အခြားမြန်မာအမျိုးသမီးတစ်ဦးရှိနေခြင်းနှင့်မတူ၊တစ်မူထူးခြား
သည်ဟု ဆိုသည်။
စုဖုရားလတ်သည် သူ့တိုင်းပြည်ကျဆုံးမည့်အရေးကို ကောင်းစွာသိသည်။ သူ့အားပြည်နှင်ဒဏ်ပေးရာသို့ ခေါ်ဆောင်သွားမည့် သဘောင်္ဆီသို့ လာသော
အခါတွင် စုဖုရားလတ်သည် ငိုလာခဲ့သည်။စုဖုရားလတ်၏ စိတ်နေသဘောထားတွင် အပြစ်အနာဆာတို့ရှိသည့်တိုင် စုဖုရားလတ်တွင် သူ့အားသူ့ကြင်ယာတော်
သီပေါမင်း၏ အထက်သို့ရောက်အောင် ပို့တင်ပေးနိုင်သည့် သတ္တိထူးတစ်ခုရှိသည်။ ယင်းမှာ မျိုးရိုးလည်းဖြစ်ကောင်းဖြစ်နိုင်သည်။စုဖုရားလတ်သည်
နှစ်ဖက်စလုံးတွင် မင်းဆွေမင်းမျိုးမှ ဆင်းသက်လာသူ ဖြစ်သည်။သီပေါမှာမူ မင်းမျိုးမဟုတ်ဟု အဆိုရှိသည်။ သို့မဟုတ်လျှင်လည်း စုဖုရားလတ်တွင် ပြင်းပြထက်
သန်သော စိတ်ဓာတ်ရှိသေြာော့င့် ဖြစ်နိုင်သည်။ယခင်က မြန်မာ့ ရဇြပလ္လင်အကြောင်းကို ပြောလျှင် သီပေါနှင့် စုဖုရားလတ်တို့ နှစ်ဦးစလုံး သက်ဆိုင်သည့်နှယ်
တွဲ၍ပြောခြင်းမှာ သဘာဝကျသည်။သူတို့သည် ယခုတိုင် အသက်ရှင်နေကြပါသေးသည်။ သို့ရာတွင် ဖြစ်မြဲဓမ္မတာအတိုင်း အချိန်ကာလ၏မှုန်ပြာသောနောက်
ကွယ် တွင် ဖြစ်ပါသည်။တစ်ခါတစ်ရံတွင်ရတနာဂီရိတွင် သုန်မှုန်နေသော သီပေါမင်း၊သူတို့ကို စောင့်ကြပ်နေ့သည့် စိတ်ညစ်နေသောအရာရှိထံထောက်ပံ့ငွေ
တိုး ပေးရန် အသံစူးစူးဖြင့် တောင်းဆိုနေသော စုဖုရားလတ်တို့၏ အကြေင်းကို ကြားရတတ်ပါသည်။
ထိုအဖြစ်အပျက်ကို ရေးပြရန်မှာ စိတ်ထိခိုက်စရာ ကောင်းပါသည်။
မြသန်းတင့်(သမိုင်းထဲက မန္တလေး၊မန္တလေးထဲ က သမိုင်းစာအုပ်မှ)
from saytaman.co.co blog
16-4-09
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment